Wednesday, October 2, 2013

ဟင်္သာတခရိုင် ဆောက်လုပ်ရေးလုပ်ငန်းပိုင် လမ်းများတွင် ကုန်တင်ယာဉ်များ မူလတန်ချိန်အတိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြု



မိုးတွင်းကာလတွင် ကုန်တင်ယာဉ်များ ကန့်သတ်ယာဉ် တန်ချိန်များဖြင့်သာ ဖြတ်သန်းခွင့် ရရှိခဲ့သည့် ဟင်္သာတခရိုင် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းပိုင် လမ်းများတွင် အောက်တိုဘာ ၁ ရက်မှ စတင်ကာ မူလအတိုင်း ပြန်လည်ဖြတ်သန်းခွင့် ရရှိပြီဖြစ်ကြောင်း ခရိုင် ပဆငထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

"ပွင့်လင်းရာသီ ရောက်ပြီဖြစ်တာကြောင့် ဟင်္သာတခရိုင် ပဆငပိုင် လမ်းခုနစ်လမ်းမှာ အောက်တိုဘာ ၁ ရက်မှစပြီး ကုန်တင်ယာဉ်တွေကို မူလအတိုင်း ပြန်လည်ဖြတ်သန်းခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ မိုးတွင်းကာလ တားမြစ်စဉ်က (ယာဉ်+ကုန်) ကိုပဲ ကန့်သတ်တာ ဖြစ်ပါတယ်။ ဘီးကို မကန့်သတ်ခဲ့ပါဘူး။ ၁၀ ဘီး၊ ၁၂ ဘီးဆိုရင်လည်း သတ်မှတ်တန်ချိန်အတိုင်း ၁၆ တန် တင်ဆောင်ရင် ခွင့်ပြုပါတယ်။ ဒါပေမဲ့ ကုန်သည်တွေက တင်လို့မကိုက်တာကြောင့် မထွက်တာ ဖြစ်ပါတယ်။ မိုးတွင်းကာလမှာ ယာဉ်တန်ချိန်တွေကို ခရိုင် ပဆင လမ်းတွေမှာပဲ ကန့်သတ်တာ ဖြစ်ပါတယ်။ B.O.T လမ်းတွေမှာ မကန့်သတ်ခဲ့ပါဘူး" ဟု ဟင်္သာတ ပဆငမှ ဦးထွန်းရီက ပြောကြားသည်။

ဇွန် ၁ ရက်မှ စတင်ကာ ဟင်္သာတ-ဇလွန်-ဓနုဖြူလမ်း၊ ဟင်္သာတ-အသုတ်-ကျောင်းကုန်းလမ်း၊ ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်း၊ ဟင်္သာတ-မြို့ကွင်း-ကွင်းကောက်လမ်းနှင့် င၀န်တံတား (မြို့ကွင်း) ချဉ်းကပ်လမ်းတို့တွင် ၁၆ တန်အထက်၊ လေးမျက်နှာ-တလုတ္ထော်လမ်းတွင် ၁၀ တန်အထက်၊ လေးမျက်နှာ-အိုင်သပြု-ငါးသိုင်းချောင်းလမ်းတွင် ရှစ်တန်အထက် (ခရီးသည်တင် မှန်လုံယာဉ်များမှအပ) စက်တင်ဘာ ၃၀ ရက်အထိ သုံးလကြာ မိုးတွင်းကာလ လမ်းပျက်စီးမှုများ မဖြစ်ပေါ်စေရေးအတွက် (ယာဉ်+ကုန်) တန်ချိန် ကန့်သတ်ခဲ့ပြီး ပွင့်လင်းရာသီတွင် မူလအတိုင်း ပြန်လည်ဖြတ်သန်းခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

ဟင်္သာတ-ရန်ကုန် လမ်းပိုင်းတွင် ကုန်စည်ပို့ဆောင်မည့် ကုန်တင်ယာဉ်များ စောင့်ဆိုင်းနေစဉ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...