Wednesday, October 2, 2013

မိုးလေ၀သ အခြေအနေကြောင့် ကမ်းရိုးတန်းသွား အမြန်ရေယာဉ်များ ရပ်နားထား



မိုးလေ၀သ အခြေအနေများကြောင့် တနင်္သာရီ ကမ်းရိုးတန်းသွား အမြန်ရေယာဉ်များ ရပ်နားထားရသည်မှာ နှစ်လကျော်နေပြီဖြစ်ပြီး ငါးဖမ်းလှေ တစ်ချို့မှာလည်း ကျွန်းခိုသွားလာ နေရကြောင်း သိရသည်။

တောင်တရုတ် ပင်လယ်အတွင်း ဖြစ်ပေါ်နေသော အားပြင်းမုန်တိုင်းများကြောင့် သက်ရောက်မှုအဖြစ် အက်ဒမန်ပင်လယ် အတွင်း၌လည်း လေတိုက်နှုန်း ပြင်းထန်နေသလို လှိုင်းကြီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ပင်လယ်ပြင်အတွင်း လေတိုက်နှုန်းများမှာ ၄၀ အောက်မကျပဲ မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း မိုးလေ၀သ ကြေငြာချက်များအရ သိရှိရသည်။

"ကုန်လှေတွေထဲမှာ သံခွံသင်္ဘောကြီးတွေပဲ သွားလာနိုင်ပြီး ငါးသယ်လှေတွေကတော့ ရေထွက်ကုန်တွေ ပုပ်သိုးမှာ စိုးတဲ့အတွက် ကျွန်းခိုပြီး သွားလာနေရတယ်။ ငါးဖမ်းလှေငယ်တွေလည်း ဒီလိုပဲ ကျွန်းခိုပြီး ငါးဖမ်းနေရတယ်" ဟု အေးဂျင့်တစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နှစ်လကျော် ကတည်းက ရပ်နားထားရသော တနင်္သာရီ ကမ်းရိုးတန်းသွား အမြန်ရေယာဉ်များလည်း ယခုထိ ပြေးဆွဲနိုင်သေးခြင်း မရှိသေးကြောင်း သိရသည်။

"စက်တင်ဘာလထဲမှာ လေတိုက်နှုန်း ၃၀ လောက် ဖြစ်သွားလို့ တစ်ရက်နှစ်ရက်ပဲ ပြေးဆွဲလိုက်နိုင်တယ်။ ဒါပေမယ့် ရာသီဥတု အခြေအနေ ဆိုးလာလို့ ပြန်နားနေရတယ်။ အခုဆို နှစ်လကျော်လာပါပြီ။ အမြန်ရေယာဉ်တွေက ပင်လယ်ပြင်ထဲမှာ လေတိုက်နှုန်း ၃၀ လောက်ကျန်မှ ပြေးဆွဲပေးပါတယ်။ ဘယ်ရက်ပြန်ဆွဲပေးမယ်လို့ အခုထိ မမှန်းနိုင်သေးပါဘူး။ မိုးလေ၀သ အခြေအနေပေါ်မှာပဲ မူတည်ပါတယ်" ဟု မြိတ်မြို့ရှိ အမြန်ရေယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မိုးလေ၀သ အခြေအနေကြောင့် ကမ်းရိုးတန်းသွား အမြန်ရေယာဉ်များ ရပ်နားထား

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...