Wednesday, October 2, 2013

ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရန် အခြေအနေ မရှိသေး



မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ကချင်စစ်ဘေးရှောင် ဒုက္ခသည်များမှာ နေရပ်သို့ ပြန်နိုင်ရန် အခြေအနေ မရှိသေးကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်ပေးရေးရုံး UNOCHA မှ ခန့်မှန်းချက်အရ သိရသည်။
ပြီးခဲ့သည့် နှစ်နှစ်တာ ကာလအတွင်းတွင်လည်း စစ်ဘေးရှောင် ဒုက္ခသည်များက နေရပ်သို့ ပြန်လည်နေထိုင်မှု မရှိသလောက် နည်းပါးခဲ့ကြောင်း သိရသည်။

၎င်းတို့၏ နေရပ်တွင် အသက်မွေးဝမ်းကျောင်းမှု အနေအထားများ ပျက်စီးသွားခြင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်များ တည်ရှိနေဆဲ ဖြစ်ခြင်းနှင့် မြေမြှုပ်မိုင်းများ ကျန်ရှိနေသဖြင့် နေရပ်သို့ မပြန်နိုင်ခြင်း ဖြစ်သည်။
အစိုးရနှင့် ကချင်လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည် တစ်သိန်းခန့်အတွက် အဖြေရှာနိုင်ရေးပါ ထည့်သွင်းဆွေးနွေးသင့်ကြောင်း Humanitarian Country Team (HCT) က သုံးသပ်သည်။

လက်ရှိအချိန်တွင် ကချင်စစ်ဘေး ဒုက္ခသည်များအတွက် ရေရှည်ဖြေရှင်းချက် မထုတ်နိုင်မီတွင် အခြေခံ လိုအပ်ချက်များ ပြည့်စုံနိုင်ရန် အထောက်အပံ့များ ဆက်လက်ပေးအပ်ခြင်း၊ အသက်မွေးဝမ်းကျောင်းမှု အခွင့်အရေးများ ဖန်တီးပေးခြင်း၊ နေရပ်သို့ ပြန်နိုင်စေရန် အနိမ့်ဆုံး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ ၎င်းတို့အတွက် ရေရှည်ဖြစ်မည့် ဖြေရှင်းချက်ကို ရှာဖွေခြင်းနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းခြင်းတို့ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း HCT က ရေးဆွဲထားသော မူဘောင်အရ သိရသည်။

၂၀၁၃ ခုနှစ် မတ်မှ ဒီဇင်ဘာလအထိ ကချင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၉ သန်း လိုအပ်လျက်ရှိပြီး သြဂုတ် ၃၁ ရက်အထိ ဒေါ်လာ ၁၄ ဒသမ ၁ သန်း ရရှိထားသည်ဟု သိရသည်။
ထို့ကြောင့် ကချင်စစ်ဘေး ဒုက္ခသည်များကို ကူညီရန်မှာ ရန်ပုံငွေ ဒေါ်လာ ၃၆ ဒသမ ၈ သန်း လိုအပ်နေသေးကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ ဒုက္ခသည် စခန်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...