Wednesday, January 22, 2014

၂၀၁၃ ခုနှစ်ကုန်အထိ မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ်ပေါင်း ၉၂၃ လုံး ဖွင့်လှစ်ခဲ့ပြီး အခန်းပေါင်း ၃၅၀၀၀ ခန့် ရရှိလာ


နွဲ့ယဉ်အေး

ကယားပြည်နယ်တွင် ဖွင့်လှစ်ထားသည့် လွိုင်ကော်ဟိုတယ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)


၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ်ပေါင်း ၉၂၃ လုံးဖွင့်လှစ်ခဲ့ပြီး ခရီးသွားဧည့်သည်များအတွက် အခန်းပေါင်း ၃၄၈၃၄ ခန်း ရရှိနေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ဖွင့်လှစ်ထားသော ဟိုတယ်အရေအတွက်အရ နေပြည်တော်တွင် ဟိုတယ် ၅၀ လုံးနှင့် အခန်းပေါင်း ၄၀၂၀ ခန်း၊ ရန်ကုန်တွင် ၂၃၂ လုံးနှင့် အခန်းပေါင်း ၁၀၁၇၅ ခန်း၊ မန္တလေးတွင်ဟိုတယ် ၁၀၄ လုံးနှင့် အခန်းပေါင်း ၄၄၃၉ ခန်း၊ ပုဂံ၊ ညောင်ဦးတွင် ဟိုတယ် ၇၇ လုံးနှင့် အခန်းပေါင်း ၂၃၈၆ ခန်း၊ တောင်ကြီးအင်းလေးတွင် ဟိုတယ် ၇၀ လုံးနှင့် အခန်းပေါင်း ၁၉၃၉ ခန်းအထိ ရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် ဟိုတယ်အများဆုံး ဖွင့်လှစ်လုပ်ကိုင်လျက်ရှိနေသော်လည်း ပြည်ပခရီးသွားဝင်ရောက်မှုမှာ မြင့်မားလျက်ရှိသဖြင့် ဟိုတယ်လိုအပ်ချက် ဆက်လက်မြင့်မားနေကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအ၀ိုင်းမှ သိရသည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုမှာ နှစ်သန်းလေးသောင်းကျော် ရှိသွားပြီဖြစ်ပြီး လေကြောင်းခရီးဖြင့် လာရောက်သူ ၈၈၅၄၇၆ ဦး၊ ရေကြောင်းဖြင့် လာရောက်သူ ၆၀၈၆ ဦး၊ နယ်စပ်မှ ရန်ကုန်- မန္တလေးဝင်ရောက်မှု ၈၅၉၉ ဦး၊ နယ်စပ်တွင် ၀င်ရောက်မှု တစ်သန်းကျော်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ စာရင်းအရ သိရသည်။

လေကြောင်းခရီးဖြင့် ပြည်ပခရီးသွားဧည့်သည်များ ၀င်ရောက်ရာတွင် ရန်ကုန်လေဆိပ်မှ အများဆုံးဖြစ်ပြီး ခရီးသွား ရှစ်သိန်းကျော်အထိ ၀င်ရောက်ခဲ့သည်။ မန္တလေးလေဆိပ်မှ ခရီးသွားပေါင်း ၇၀၀၀၀ နီးပါး၊ နေပြည်တော်လေဆိပ်မှ ၁၀၀၀၀ ကျော်နှင့် မော်လမြိုင်လေဆိပ်မှ ၁၀၀၀ ကျော် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုနှုန်းမှာ သမိုင်းတစ်လျှောက် စံချိန်တင်ပမာဏဖြစ်လာသဖြင့် ဈေးကွက်လိုအပ်ချက်အရ ပြည်ပမှဟိုတယ်လုပ်ငန်းစုများ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ရှိနေသလို ပြည်တွင်းမှလည်း ဟိုတယ်အသေးစားများ ဖွင့်လှစ်မှုများပြားလာသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသို့ ပြည်ပမှ စီးပွားရေး လာရောက်လုပ်ကိုင်လိုသူများလည်း များပြားလာသဖြင့် ဟိုတယ်များသာမက စီးပွားရေးအဆောက်အအုံ လိုအပ်ချက်ပါ မြင့်မားလျက်ရှိသည်။

လက်ရှိအချိန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် အမေရိကန်ဒေါ်လာ နှစ်ဘီလျံနီးပါးရှိ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံ ၄၀ ခန့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးထားကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...