Wednesday, January 22, 2014

လှိုင်သာယာ ကျန်စစ်သားလမ်းမပေါ်ရှိ ကျူးကျော်တဲ ၁၀၀ ခန့်ကို ရဲတပ်ဖွဲ့၊ စည်ပင်အင်အား ၁၀၀၀ ခန့်ဖြင့်ဖယ်ရှား


သက်မင်း၊ ကြည်နိုင်

ကျူးကျော်အိမ်များကို ဖျက်ဆီးနေသော စည်ပင်ဝန်ထမ်းများ(ပုံကြီး)နှင့် ဖျက်ဆီးခံရသည့် ကျူးကျော်အိမ်များအား တွေ့ရစဉ်


လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းမပေါ်ရှိ ကျူးကျော်တဲ ၁၀၀ ခန့်ကို လူအင်အား ၁၀၀၀ ခန့်ဖြင့် ဇန်န၀ါရီ ၂၁ ရက် နံနက်စောပိုင်း ၃ နာရီခန့်က စတင်ဖယ်ရှားခဲ့သောကြောင့် အဆိုပါနေရာ အနီးတွင်ရှိသော ရွှေလင်ဗန်းချောင်းဘေးရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာလည်း စိုးရိမ်ပူပန်နေကြောင်း နေထိုင်သူများက ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်ဌာနမှ ၀န်ထမ်းများအပါအ၀င် “တာဝန်” လက်ပတ်ဝတ်ဆင်ထားသူ စုစုပေါင်းအင်အား ၁၀၀၀ ခန့်ဖြင့် ကျူးကျော်နေအိမ်များကို ဖျက်သိမ်းခဲ့ခြင်းဟု သိရသည်။

ယခုဖျက်သိမ်းလိုက်သော ကျူးကျော်အိမ်များကို လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ပြောင်းရွှေ့ရန် အမိန့်ညွှန်ကြားချက် သုံးကြိမ်ထုတ်ပြန်ခဲ့ပြီးမှ ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ယင်းထုတ်ပြန်ချက်ထဲ၌ ကျန်စစ်သားလမ်းမပေါ်ရှိ ကျူးကျော်တဲများအပြင် ရွှေလင်ဗန်းချောင်းနံဘေးရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်ကိုလည်း ရွှေ့ပြောင်းပေးရန် စေခိုင်းထားကြောင်း သိရသည်။

“ကျွန်တော်ဒီမှာနေတာ ရှစ်နှစ်လောက်ရှိပါပြီ။ စနေတဲ့ အချိန်ကတည်းကလည်း စည်ပင်ကို ပိုက်ဆံပေးပြီး နေရတာပါ။ ၀ါးလုံးရောင်းတဲ့ဆိုင် ဖွင့်ထားပါတယ်။ အခုတော့ ဆိုင်ရောအိမ်ရော အဖျက်ခံလိုက်ရတာပေါ့။ ဘယ်ပြောင်းလို့ပြောင်းရမှန်း မသိသေးပါဘူး” ဟု ကျန်စစ်သားလမ်းမပေါ်၊ ရွှေလင်ဗန်းတံတားအောက်ခြေရှိ ကျူးကျော်တဲ ဆောက်လုပ်နေထိုင်ခဲ့သူ တစ်ဦးက ပြောကြားသည်။

“မနက်အစောကတည်းက ကျွန်မတို့ဘက်ကိုပါဖျက်ဖို့ အော်လံကြီးနဲ့ လာအော်ပါတယ်။ မဖျက်ရင် ဥပဒေအရ အရေးယူမယ်လို့လည်း ပြောတယ်။ ရဲကားတွေအပြင် အချုပ်ကားတွေလည်း တွေ့ရတယ်။ အိမ်အဖျက်ခံရပြီဆိုရင်တော့ ထိုင်ပဲကြည့်နေရမှာပါပဲ။ ပြီးမှနေစရာမရှိတဲ့အတွက်ကြောင့် ပြန်ဆောက်ရမှာပေါ့။ မပေးတော့ရင်လည်း ကွန်ကရစ်လမ်းပေါ် နေရမှာပဲ” ဟု ရွှေလင်ဗန်းချောင်းဘေးရှိ ကျူးကျော်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ရွှေလင်ဗန်းချောင်းဘေးရှိ ကျူးကျော်နေထိုင်သူများမှာ လူဦးရေ ၁၅၀၀ ၀န်းကျင်ခန့်ရှိကြောင်း သိရပြီး အများစုမှာမူ ပြန်လည်ပြောင်းရွှေ့လိုစိတ် မရှိဘဲ ယင်းနေရာတွင်သာ နေထိုင်လိုကြကာ လက်ရှိဆောက်လုပ်ထားသည့် အိမ်များကိုလည်း ဖျက်သိမ်းခြင်းမရှိသေးကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...