Wednesday, January 22, 2014

လာမည့်ဘဏ္ဍာနှစ်များတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနိုင်ကြောင်း IMF ၏ ဒုတိယအကြိမ်ဆန်းစစ်ခြင်း အစီရင်ခံစာတွင် ဖော်ပြ


ထက်သျှိုင်း၊ ပြည့်စုံအောင်
IMF ၏ SMP (Staff-Monitored Program) ဒုတိယအကြိမ် ဆန်းစစ်ခြင်း သတင်းစာရှင်းလင်းပွဲတွင် Mr. Matt Davies က ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-ပြည့်စုံအောင်)


လာမည့်ဘဏ္ဍာနှစ်များဖြစ်သော ၂၀၁၃ -၂၀၁၄ နှင့် ၂၀၁၄-၂၀၁၅ တို့တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနိုင်ကြောင်း ဇန်န၀ါရီ ၂၁ ရက်ကထုတ်ပြန်သော IMF ၏ SMP (Staff-Monitored Program) ဒုတိယအကြိမ်ဆန်းစစ်ခြင်း အစီရင်ခံစာတွင် ပါရှိသည်။

ယင်းအစီရင်ခံစာကို ဇန်န၀ါရီ ၂၁ ရက်က မြန်မာနိုင်ငံ ကုန်သည်၊ စက်မှုလုပ်ငန်းရှင်များအသင်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အရ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန်တွင် ခြောက်ရာခိုင်နှုန်းအထက် ရောက်ရှိမည်ဖြစ်ကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမြင့်ပိုင်းတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

"အဲဒီလို ငွေကြေးဖောင်းပွမှုတွေ လျှော့ချဖို့ဆိုရင် ဘတ်ဂျက်လိုငွေတွေကို ငွေစက္ကူ ရိုက်ထုတ်ဖြည့်ဆည်းတဲ့ အလေ့အထကို လျင်မြန်စွာလျှော့ချပေးရန် လိုအပ်တယ်" ဟု IMF ၏ မြန်မာနိုင်ငံဆိုင်ရာ SMP အကြီးအကဲ Mr. Matt Davies က အကြံပေးပြောကြားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ယမန်နှစ် ဇန်န၀ါရီတွင် ၁ ဒသမ ၉၅ ရာခိုင်နှုန်းသာရှိခဲ့ပြီး လက်ရှိကာလတွင် အဆပေါင်းများစွာ မြင့်တက်လာကြောင်း သိရသည်။

"မက်ခရိုစီးပွားရေး စီမံခန့်ခွဲမှု အကန့်အသတ်ဖြင့်သာရှိနေပြီး အကျမနာစေရန် လိုအပ်သောအစီအမံများ ထားရှိနိုင်မှု နည်းပါးသဖြင့် အနာဂတ်မြန်မာနိုင်ငံရဲ့ မျှော်မှန်းချက်အပေါ်မှာ ထိခိုက်လာနိုင်တဲ့ အလားအလာမှာ ရှိနေတယ်" ဟု Mr. Matt Davies က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၂ ခုနှစ် မေတွင် စံချိန်တင်ကျဆင်းမှုအဖြစ် မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်လာခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း အမျိုးသားဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း နှစ်ရှည်ရည်မှန်းချက်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်တွင် ဖော်ပြထားချက်အရ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း နည်းပါးသည့် ၂၀၁၂ ဧပြီ ၂ရက်က မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲနှုန်းအား ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်း ၈၁၈ ကျပ်ဖြင့် စတင်ဈေးသတ်မှတ်ခဲ့သော်လည်း လက်ရှိကာလတွင် အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ် ငွေ ၉၉၀ ခန့် ဗဟိုဘဏ်က နေ့စဉ်ဈေးသတ်မှတ်ထားပြီး စတင်သတ်မှတ်ခဲ့သည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ဒေါ်လာလျှင် ကျပ် ၁၈၀ ကျော်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြန်မာကျပ်ငွေ ဈေးကျဆင်းနေကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...