Wednesday, January 22, 2014

အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးသင်တန်းများပေးရန် ကမ်းလှမ်း


မျိုးမင်းထက်

မြန်မာရဲတပ်ဖွဲ့ဝင်များအား အီးယူမှ သင်တန်းပေးနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)


အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးသင်တန်းများပေးရန် ကမ်းလှမ်းထားကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မြန်မာနိုင်ငံ၌ ၂၀၀၈ မှစ၍ ၂၀၁၃ခုနှစ်အထိ ဆူဒိုအက်ဖီဒရင်းပါဝင်သော အအေးမိပျောက်ဆေးပြားစုစုပေါင်း ၉၃ဒသမ၆ သန်း ဖမ်းဆီးရမိခဲ့ပြီး ၂၀၀၉ခုနှစ်နောက်ပိုင်းမှစ၍ အိန္ဒိယနယ်စပ်မှ အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။

အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးသင်တန်းပေးရန် ကမ်းလှမ်းထားသည့်အတွက် စုံစမ်းထောက်လှမ်းရေးသင်တန်းနှင့် ဓာတုပစ္စည်းရှာဖွေရေး သင်တန်းများ သင်ကြားပေးရန်အတွက် ပြန်လည်အဆိုပြု တင်ပြထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

"အိန္ဒိယအစိုးရက ကျွန်တော်တို့ကို လိုချင်တဲ့သင်တန်းတွေပေးဖို့ တောင်းဆိုတာပါ။ ကျွန်တော်တို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမယ့် သင်တန်းပေါ့။ အဲဒီသင်တန်းတောင်းဆိုတော့ ကျွန်တော်တို့က လောလောဆယ် စုံစမ်းထောက်လှမ်းရေးသင်တန်းနဲ့ ဓာတုပစ္စည်းရှာဖွေရေးသင်တန်းတွေကို လျာထားတယ်။ အဲဒီသင်တန်းနှစ်ခုကိုပေးဖို့ အဆိုပြုထားတယ်။ သူတို့ဘက်က ဘာပြန်လာဦးမယ်ဆိုတာ မသိသေးဘူး။ သင်တန်းပေးဖို့ကို နှစ်နိုင်ငံညှိရဦးမယ်။ ဘယ်နေရာမှာပေးမှာလဲ။ အင်အားဘယ်လောက်ပေးမှာလဲဆိုတာတွေကို ညှိရဦးမယ်"ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ထပ်မံပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အီးယူ(ဥရောပသမဂ္ဂ)မှ သင်တန်းပေးထားပြီးဖြစ်ကြောင်းသိရပြီး လက်ရှိတွင် အီးယူနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရဲတပ်ဖွဲ့ဝင်များအား ပြည်သူဗဟိုပြု ရဲလုပ်ငန်း စဉ် (Community Policing) သင်တန်းများကို စာတွေ့အပြင် လက်တွေ့ပါ သင်ကြားပြသလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...