Wednesday, January 22, 2014

မြန်မာနိုင်ငံတွင် နှစ်စဉ် ထင်းလိုအပ်ချက်ပမာဏ ကုဗတန် ၁၆ ဒသမ ၅၃ သန်းရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ပြောကြား


နေပြည်တော်သတင်းအဖွဲ့

ဇန်န၀ါရီ ၂၁ ရက်ကကျင်းပသည့် စွမ်းအားမြင့် မီးဖိုဈေးကွက် ဖော်ဆောင်ပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း အမှာစကားပြောကြားနေစဉ်


မြန်မာနိုင်ငံတွင် နှစ်စဉ် ထင်းလိုအပ်ချက်ပမာဏမှာ ကုဗတန် ၁၆ ဒသမ ၅၃ သန်းရှိကြောင်း ဇန်န၀ါရီ ၂၁ ရက်တွင်ကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနနှင့် Mercy Corps တို့ပူးပေါင်းပြီး စွမ်းအားမြင့် မီးဖိုဈေးကွက် ဖော်ဆောင်ပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ရာခိုင်နှုန်း ၇၀ ကျော်သည် ကျေးလက်နေပြည်သူများဖြစ်သည့်အတွက် ထင်းသည် မရှိမဖြစ်လောင်စာဖြစ်ပြီး မြန်မာနိုင်ငံ၏ နှစ်စဉ်ထင်းလိုအပ်ချက်ပမာဏမှာ ကုဗတန် ၁၆ ဒသမ ၅၃ သန်းရှိပြီး ကျေးလက်ဒေသရှိ အိမ်ထောင်စုတစ်စုသည် တစ်နှစ်တွင် ထင်း ၂ ဒသမ ၅ ကုဗတန် အသုံးပြုလျက်ရှိပြီး မြို့ပြရှိ အိမ်ထောင်စုတစ်စုလျှင် တစ်နှစ်ထင်း ၁ ဒသမ ၄ ကုဗတန် အသုံးပြုလျက်ရှိကြောင်း သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးဝင်းထွန်းက"သဘာဝသစ်တောများကို ပျက်စီးပြုန်းတီးမှုမရှိစေဘဲ ထင်းလိုအပ်ချက် ပြည့်မီစေဖို့အတွက် စုစုပေါင်းလိုအပ်ချက်ရဲ့ ၂၅ ရာခိုင်နှုန်းကို မိမိတို့ကိုယ်ပိုင်အိမ်ဝင်း၊ ခြံဝင်း၊ ဥယျာဉ်ခြံမြေ၊ လယ်ယာပတ်လည်တို့မှာ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ ၂၅ ရာခိုင်နှုန်းကို အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများမှလည်းကောင်း၊ ၄၈ ဒသမ ၈ ရာခိုင်နှုန်းကို သဘာဝသစ်တောများမှလည်းကောင်း ရရှိနိုင်ဖို့ အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်းရည်မှန်းချက်များ ချမှတ်ဆောင်ရွက်နေပါတယ်"ဟု ပြောကြားသည်။

ကမ္ဘာ့သစ်တောသယံဇာတ အခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ထုတ်ပြန်သည့် ၂၀၁၀ ပြည့်နှစ် သစ်တောသယံဇာတ လေ့လာဆန်းစစ်မှု အစီရင်ခံစာတွင် ဖော်ပြချက်အရ ကမ္ဘာ့သစ်တောသယံဇာတများသည် ၁၉၉၀ ပြည့်နှစ် ၂၀၀၀ ပြည့်နှစ်အကြားတွင် နှစ်စဉ် ဟက်တာ ၈ ဒသမ ၃ သန်း၊ ၂၀၀၀ ပြည့်နှစ် ၂၀၀၅ ကြားတွင် ဟက်တာ ၄ ဒသမ ၈ သန်း နှင့် ၂၀၀၅ ခုနှစ် ၂၀၁၀ ပြည့်နှစ်ကြားတွင် ဟက်တာ ၅ ဒသမ ၅ သန်းပြုန်းတီးခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...