Wednesday, January 22, 2014

ပြည်တွင်းလေကြောင်းလိုင်းများ ဆင်းသက်ခြင်းမရှိသည့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၁၃ ခုနှစ်၌ စင်းလုံးငှားခရီးစဉ်ဖြင့် ပြည်ပခရီးသည်တစ်သောင်းကျော် ၀င်ရောက်


ရွှန်းလဲ့ဝင်း

နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တွေ့ရစဉ်


ပြည်တွင်းပုဂ္ဂလိကလေကြောင်းလိုင်းများ ပုံမှန်ခရီးစဉ် (Schedule flight) ပျံသန်းခြင်းမရှိသည့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၁၃ ခုနှစ်၌ စင်းလုံးငှားခရီးစဉ်ဖြင့် ပြည်ပခရီးသည် တစ်သောင်းကျော် ၀င်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်ရှိ နေပြည်တော်လေဆိပ်သို့ ပြည်တွင်းလေကြောင်းလိုင်းများမှ ပုံမှန်ခရီးစဉ် (Schedule flight) ပျံသန်းခြင်းမရှိဘဲ (Non Schedule flight) ခရီးစဉ်များသာ ပျံသန်းလျက်ရှိပြီး၊ တစ်ခုတည်းသော နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းမှသာ ပုံမှန်ခရီးစဉ်ပျံသန်းလျက်ရှိသည်။ နေပြည်တော်လေဆိပ်သို့ နိုင်ငံတကာ လေကြောင်းလိုင်း ပျံသန်းမှုဖြင့် ဘန်ကောက်အဲဝေးလေကြောင်းလိုင်းနှင့် ထိုင်း အဲအေးရှလေကြောင်းလိုင်းတို့က ၂၀၁၃ ခုနှစ်တွင် ဘန်ကောက်-နေပြည်တော်ခရီးစဉ်အား ပျံသန်းခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စင်းလုံးငှားခရီးစဉ်ဖြင့် ခရီးသည် ၁၀၈၁၆ ဦး၊ ဘန်ကောက်အဲဝေးလေကြောင်းလိုင်းဖြင့် ခရီးသည် ၅၃၀၄ ဦး၊ ထိုင်းအဲအေးရှလေကြောင်းလိုင်းဖြင့် ခရီးသည် ၃၁၅၀ အခြားခရီးစဉ်ဖြင့် ခရီးသည် ၁၇၉၀ အသီးသီးဝင်ရောက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်လေဆိပ်သည် ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများမှ ပုံမှန်ခရီးစဉ် ပျံသန်းခြင်းမရှိဘဲ ၂၀၁၃ ဒီဇင်ဘာတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကာလတွင်သာ ပြည်ပခရီးသည်များ ယခုကဲ့သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများ ဆင်းသက်မှု နည်းပါးခြင်းကြောင့် နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်းယူပေးရန် အေးရှားဝေါလ်ကုမ္ပဏီမှ တောင်းဆိုထားကြောင်း သတင်းရရှိသည်။

နေပြည်တော်လေဆိပ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၀ယ်သူချေးငွေစနစ်ဖြင့် မြန်မာအစိုးရနှင့် Export Import Bank of China တို့မှ Loan Aggreement အား လက်မှတ်ရေးထိုးပြီး စီမံကိန်းလုပ်ငန်း အဆင့် ၁ အား အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အေးရှားဝေါလ်ကုမ္ပဏီသည် လေဆိပ်တည်ဆောက်ရေးလုပ်ငန်း စီမံကိန်းအဆင့် ၁ အား တည်ဆောက်ခဲ့ပြီး၊ ထပ်မံတည်ဆောက်ရမည့် လေဆိပ်တည်ဆောက်ရေး လုပ်ငန်းများနှင့် လက်ရှိကိုင်တွယ် ဆောင်ရွက်နေသည့် လေဆိပ်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန်မှာ နိုင်ငံတကာလေကြောင်းလိုင်းများ ဆင်းသက်မှု မရှိပါက ဆက်လက်အရှုံးပေါ်မည်ဖြစ်သဖြင့် ယခုကဲ့သို့ နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်း ရယူပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်အနေဖြင့် နေပြည်တော်လေဆိပ်အား ပြန်လည်လက်ခံယူရန်ကိုမူ ဆုံးဖြတ်အတည်ပြုရခြင်း မရှိသေးကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...