Wednesday, January 22, 2014

မြန်မာနိုင်ငံအတွင်းရှိ ငါးပုစွန်ကန်များမှာ မှတ်ပုံတင်ခွင့် ရရှိနေပြီဖြစ်ရာ ပိုင်ဆိုင်ကြောင်း အထောက်အထားရှိပါက ဘဏ်များတွင် တရားဝင်ပေါင်နှံခွင့်ရမည်


မျိုးမင်းထက်
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ ငါးမွေးမြူရေးကန်အား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)


မြန်မာနိုင်ငံအတွင်းရှိ ငါးပုစွန်ကန်များမှာ ပိုင်ဆိုင်ကြောင်းအထောက်အထားအဖြစ် မှတ်တင်ခွင့်ရရှိနေပြီဖြစ်ပြီး ပိုင်ဆိုင်မှုအထောက်အထားရရှိပါက ဘဏ်များတွင် တရားဝင်ပေါင်နှံခွင့် ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ ငါးပုစွန်ကန်ပေါင်း ၄၅၀၀၀၀ ခန့်ရှိပြီး ငါး၊ ပုစွန်ကန်အနည်းစုသာ လန ၃၉ ရှိကြပြီး အများစုမှာ ငါးမွေးမြူရေးနှစ်စဉ်လုပ်ဆောင်နေသည့် လုပ်ငန်းလိုင်စင်သာရှိသည့်အတွက် ဘဏ်များ၏ စည်းမျဉ်းအရ ပိုင်ဆိုင်ကြောင်း အထောက်အထားအဖြစ် မသတ်မှတ်သည့်အတွက် အာမခံအနေဖြင့် ပေါင်နှံခွင့်မရသေးကြောင်း သိရသည်။

"ငါးကန်၊ ပုစွန်ကန်ပိုင်ရှင်တွေက ပိုင်ဆိုင်ခွင့်မှတ်ပုံတင်လုပ်ခွင့် ရှိပါတယ်။ အခုလက်ရှိ မြေယာဥပဒေအရ လယ်သမားတွေကို ပိုင်ဆိုင်ခွင့်မှတ်ပုံတင်တွေ ပြုလုပ်ပေးနေပါတယ်။ ဘာအခွင့်အရေးတွေခံစားခွင်ရှိလဲဆိုရင် ဒီလယ်ယာမြေနဲ့ ငါးကန်၊ ပုစွန်ကန်ကို ဘဏ်မှာ တရားဝင်ပေါင်ခွင့်ရမယ်။ နောက်ဒီကန်တွေကို တရားဝင်ရောင်းခွင့်ရမယ်။နောက်ထပ်အမွေပေးလို့ရတယ်" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များအား ကမ္ဘာ့ရတနာဘဏ်မှ ချေးငွေထုတ်ချေးလျက်ရှိကြောင်း သိရပြီး ငါး၊ ပုစွန်ကန်များ ပိုင်ဆိုင်ကြောင်း အထောက်အထားများပြနိုင်ပါက မွေးမြူရေးလုပ်ငန်းရှင်များအား ယူနိုက်တက်အမရာဘဏ်မှ ချေးငွေများ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မှတ်ပုံတင်ခွင့်ပြုတယ်လို့ ခွင့်ပြုထားပေမယ့် စလုပ်ရမှာက ငါးကန်၊ ပုစွန်ကန်ပိုင်ရှင်တွေစပြီး လျှောက်မှရမှာပါ။ ဘယ်ကမှလာပြီး လုပ်ပေးမှာမဟုတ်ပါဘူး။ မှတ်ပုံတင်လို့ အခက်အခဲအဟန့်အတားတွေရှိရင် ဖြေရှင်းလို့ရတဲ့ အခြေအနေတွေရှိပါတယ်။ ကျွန်တော်တို့မှာ အရင်းအနှီးနည်းနေတယ်လို့ ပြောနေကြတယ်။ ကိုယ်ရဲ့ ငါးကန်၊ ပုစွန်ကန်ပိုင်ဆိုင်မှုအထောက်အထားနဲ့ ဘဏ်တွေမှာဘဏ်ရဲ့လုပ်ထုံးလုပ်နည်းစနစ်အရ ငွေချေးခွင့်ရတယ်ဆိုရင် ကျွန်တော်တို့အတွက် အတိုးသက်သာတဲ့ အရင်းအနှီးရမယ်။ ဒီအတွက် ကုန်ထုတ်လုပ်မှုလည်း တက်လာမယ်။ အကျိုးအမြတ်တွေလည်း ရနိုင်တယ်" ဟု အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဆက်လက်ပြောကြားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...