Tuesday, September 3, 2013

မြန်မာလူမျိုးများ ဗီဇမကောင်းဟု ကိုရီးယားက ပြောတဲ့စကား ငါတို့ဒါကို ငုံ့ခံနေမလား၊ ပြုပြင်မလား(ရွှေမြန်မာဆိုဖတ်ပါ)




မြန်မာယူ - ၂၃ အသင်းနည်းပြ ပတ်ဆောင်ဟွာက မြန်မာအားကစားသမားများအား

“ မြန်မာကစားသမားတွေကပြောတာကိုတော့နားလည်ပြီး လိုက်လုပ်တယ်။ ပြီးရင် နောက်ရက်ပြန်မေးရင် မသိတော့ဘူး။ ဒါကြောင့် နည်းစနစ်ပိုင်းသင်ရတာ ခက်တယ်။

ဥပမာ “ကျော်ဇေယျာဝင်းဆိုရင် ယူ-၂၂ ခြေစစ်ပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့တယ်။ဒါပေမဲ့ နောက်ပိုင်းမှာ အဲ့ဒီပွဲက ခြေစွမ်းကိုမမီတော့ဘူး။ အဲ့ဒီပွဲတုန်းက ကျွန်တော်ပြောထားတဲ့ နည်းစနစ်ပိုင်းကို အခုပြန် မေးကြည့်သူ မသိတော့ပါဘူး။ ဒါကလည်း မြန်မာလူမျိုးအချို့ရဲ့ ဗီဇစရိုက်လိုဖြစ်နေတာကြောင့် ကစားသမားတွေကို အပြစ်တင်လို့မရပါဘူး။ ကျွန်တော်က နိုင်ငံခြားသားတစ်ဦး ဖြစ်နေလို့ ဒီစကားမျိုးပြောတာပါ။ တကယ်လို့ မြန်မာနိုင်ငံသား တစ်ဦးဖြစ်နေမယ်ဆိုရင် ကျွန်တော်လည်း ဒီလိုဖြစ်နေမှာပါပဲ။” ဟု ပတ်ဆောင်ဟွာက ပြောသည်။

သူကတော့ ဘောလုံးနည်းပြမို့ ဘောလုံးနှင့် သက်ဆိုင်တာကိုပဲ ပြောသွားသည်။ သူ့ကဲ့သို့ တခြားနယ်ပယ်အသီးသီးတွင်လည်း လူမျိုးခြားမှ ယခုကဲ့သို့ မြန်မာတွေအပေါ် ထိုသို့အမြင် မရှိဘူးလို့ ပြောနိုင်ပါ့မလား။ 

ကိုယ့်လူမျိုးကိုယ်မကောင်းမြင်ခြင်းမဟုတ်။ ကောင်းစေချင်၍ဒါတွေကို ပြောပြပါမည်။     
မြန်မာလူမျိုးများသည် ပတ်ဆောင်ဟွာ ပြောသကဲ့သို့ပင် အတိတ်က ရွှေထီးဆောင်းခဲ့သည်ကိုသာ ပြန်တမ်း တနေတတ်ပြီး လက်ရှိ အခြေအနေပေါ်တွင် တိုးတက်အောင် လုပ်ဖို့ စိတ်ကူးများ လျော့ပါးနေကြသည်။ ရရင်ရသလို အခြေအနေပေါ် မူတည်၍ အခွင့်အရေးယူတတ်ကြသည်။ ပေါ်ပင် လုပ်တတ်ကြသည်။ 
စည်းကမ်းမဲ့ကြသည်။

အရင်က ဘောလုံးကွင်းများတွင် အုတ်ခုံများဖြင့် ထိုင်ရသော ကြောင့် အဆင်ပြေအောင် နိုင်ငံတကာအဆင့်မီ ခုံများတပ်ဆင်ပေးသည်။  ကောင်းကောင်း မွန်မွန်ခုံဖြင့် ထိုင်ရသော အခါ အများပိုင် ထိုင်ခုံအား ရိုက်ချိုးပစ်သည်။
 

ယခင်က ရန်ကုန်သည် အရှေ့တောင်အာရှ၏ အလှပဆုံး၊ အသန့်ရှင်းဆုံး ဖြစ်ယုံသာမက အာရှ ထိပ်တန်း
မြို့တော်ဖြစ်ခဲ့သည်။ ယခု အခြားနိုင်ငံများထက် များစွာနောက်ကျကျန်ခဲ့သည်။

ကားမှတ်တိုင်များတွင် ထိုင်ခုံအမိုး စနစ်တကျ တပ်ဆင်ပေးသည်။ အဲတာတွေလည်း မခံ လက်ဆော့သူများ ၏ ဒဏ်ကြောင့် ခဏတွင်း ပျက်စီးရသည်။ လမ်းမီးတိုင်များ ထွန်းပေးသည်။ လေးခွဖြင့် မီးသီးကို လက်တည့် စမ်းကြသည်။ 

လမ်းဘေးရေချမ်းစင်များ စေတနာရှင်များမှ ထားပေးသည်။ ခွက်ကိုကြိုးဖြင့် မချည်ပါက ခွက်ပျောက်သည်။  သွားရေးလာရေး အဆင်ပြေအောင် လမ်းဖောက်ပေးသည်။ ပရမ်းပတာ မောင်း၍
မှောက်သောအခါ လမ်းမကောင်းဟုဆိုကာ လမ်းကိုအပြစ်မြင်ပြန်သည်။

ကားမကြပ်အောင် ကုန်းကျော်တံတားများ ဆောက်ပေးသည်။ မကြာလိုက် တံတားအောက်တွင်
အမှိုက်ပုံဖြစ်သွားသည်၊ ကျူးကျော်များတဲထိုးနေစရာ နေရာဖြစ်သွားသည်၊ ဈေးသည်များ အခြေချ
ဈေးရောင်းစရာ မိုးလုံသော ဈေးတန်းဖြစ်သွားသည်။

လူကူးမျဉ်းကျားများထားပေးသည်။ ကားများကလည်း လူကူးမျဉ်းကျားတွင် ရှိန်လျှော့မောင်းရမှန်းမသိ။
ဖြတ်သွားသည်မှာ တ၀ီဝီဖြင့် လမ်းကူးရသည်မှာ ကြိုးတန်းလမ်းလျှောက်ရသလိုအသည်းတအေးအေး။ ဒါက စည်းကမ်းရှိရှိလမ်းကူးသူ၏ ခံစားချက်။ စည်းကမ်းမရှိလမ်းကူးတွေကျတော့ ရှေ့ ၁ ကိုက်တွင် လူကူးမျဉ်းကျားရှိသည် ဆိုတာတောင် ကြုံရာနေရာကနေဖြတ်ကူးသည်။ စည်းကမ်းမဲ့သူတွေကို ယာဉ်ထိန်းရဲကဖမ်းတော့ ပိုက်ဆံတောင်းချင်၍ ဖမ်းသည်ဟု ရမယ်ရှာသည်။ 

၎ လမ်းမောင်းလောက်ကျယ်သော လမ်းတွင် ၁ လမ်းမောင်းလောက်သာ မောင်းရအောင် ပရမ်းပတာ ပါကင်ထိုးသည်။ လမ်းများအား သန့်ရှင်းအောင် အမှိုက်ပုံးထားပေး၊ စည်ပင်အလုပ်သမားဖြင့် ရှင်းလင်းသည်။ အင်မတန်ရွံဖို့ ကောင်းသော ကွမ်းသွေးတပြစ်ပြစ်ဖြင့် ကားပေါ်က ထွေးချသည်။ လမ်းသွားရင်းထွေးသည်။စားတတ်လျှင် အိတ်ဆောင်၍ အိတ်ထဲထွေးရမှန်းမသိ။ လမ်းညစ်ပတ် အောင်စည်းကမ်းမဲ့ ထွေးသည်။ 

တန်ဖိုးနည်းဖုန်းများ ချပေးသည်။  မသမာသူများ လုပ်စားမှာစိုး၍ လပိုင်းအတွင်း ဖုန်းတကဒ်လောက် ကုန်အောင် စည်းကမ်းလေးဖြင့်ပေးတော့ ဖုန်းကိုင်ပြီး ဖုန်းခကုန်မှာစိုး၍ ငြိုငြင်ပြန်သည်။ လူ့အလိုနတ်မနိုင်
ဆိုတာ ဒါပဲဖြစ်မည်။

မြန်မာလူမျိုးတို့သည် ယခင်က ကြီးကျယ်ခမ်းနားခဲ့မှုကို ယနေ့ခေတ် မြန်မာ၏ ကြီးကျယ်ခမ်းနားချင်သယောင် အရောင်တင်ကြသည်။ ယခင်ခေတ်က လူနှင့် ယနေ့ခေတ်ကာလက လူမတူသည်ကို သတိမမူ။ သမိုင်းကြောင်းကောင်းခြင်းဆိုသည်မှာ သမိုင်းမှာ ရှိသည့်လူတွေကောင်းခဲ့လို့ဖြစ်သည်။ ယနေ့ဆိုတာနောင်အတွက် သမိုင်းတစ်ခု၊ သမိုင်းကောင်းဖို့ ယနေ့လူများကြိုးစားရမည်၊ စည်းကမ်းရှိရမည်၊ စည်းကမ်းမရှိသော လူမျိုးအတွက် အစိုးရက အကောင်းချည်းဖြည့်ဆည်းပေးနေကာမူ ဖြည့်ဆည်းသမျှ စည်းကမ်းမဲ့မှုကြောင့် ပျက်ရမည်သာ ဖြစ်သည်။

စင်္ကာပူကောင်းသည်၊ မလေးကောင်းသည်၊ ကိုရီးယားကိုအားကျသည်။ အားကျလို့ရသည်၊ သို့သော်
ရုပ်ဝတ္ထုတစ်ခုတည်းကို သွားမကြည့်နှင့်။ သူတို့လူမျိုးတွေဘယ်လိုစည်းကမ်းရှိလည်း အတုယူရမည်၊
သူတို့ထက်ပိုကောင်းချင်ရင် သူတို့ ဘယ်နေရာမှာ စည်းကမ်းမဲ့ကြလည်း ဒါတွေကို ရှောင်ဖို့လိုသည်။
ဒီမိုကရေစီစနစ်တခုတည်းဖြင့် တိုင်းပြည်ကောင်းလာသည်မဟုတ်။ တိုးတက်လာသည်မဟုတ်။ ဒီမိုကရေစီ စနစ်က တိုင်းပြည်တိုးတက်ဖို့ကို အထောက်အပံ့ပြုသောစနစ်တစ်ခုသာဖြစ်ပေလိမ့်မည်။ အဓိကသည်လူ။ လူသာပဓာန။ မူဆိုတာ လူကလုပ်တာဖြစ်သည်။ မူကောင်းပြီး လူမကောင်းရင် ရွှေလင်ဗန်းထဲ မစင်စွန့်သလိုဖြစ်မည်။ လူတစ်ဦးတစ်ယောက်တည်း ကောင်းဖို့မဟုတ်။ လူမျိုးတစ်ခုလုံးကောင်းအောင် ကြိုးစားရမည်။ စည်းကမ်းမဲ့တဲ့ လူတွေကို လူကောင်းများက ပြုပြင်ရမည်။ လက်တွဲခေါ်ရမည်။ ကိုယ်ကိုတိုင်ကလည်း စည်းကမ်းမဲ့စိတ်ဓာတ်ကို ပြုပြင်ရမည်။

 မြန်မာဟူသည် စည်းလုံးသော လူမျိုး၊ ဖော်ရွေသောလူမျိုး၊ စည်းကမ်းရှိသော လူမျိုးဟူသည့် ကမ္ဘာ့အလယ် ၀င့်ထည်သော ဂုဏ်ပုဒ်ပိုင်ဆိုင်ခဲ့သည်။ယနေ့အခါတွင်လည်း ထိုဂုဏ်ပုဒ်ကို မမှေးမိန်ဘဲတောက်ပ လာအောင် ကြိုးစားရမည်ဖြစ်သည်။ ပြည်သူတွေချည်းပဲ ဒါကိုလုပ်ရမည်ဟုမဆိုလို။ အစိုးရလည်း ဦးဆောင်ကြိုးပမ်းရမည်။ ကြိုးလည်းကြိုးပမ်းနေသည်။ နိုင်ငံတိုးတက်အောင်ကြိုးစားနေမှုတွင် အစိုးရတခုတည်းသာမဟုတ် ပြည်သူများကပါ စည်းရှိရှိကမ်းရှိရှိ တတပ်တအား ၀ိုင်းဝန်းပါဝင်မည်ဆို အာရှကျားနိုးထလာဖို့က ကြာလိမ့်မည်ဟုမထင်။ အဲဒီအချိန်အခါတွင် မြန်မာ့ဗီဇ ဘာလဲဆိုတာ ကမ္ဘာကသိရပေတော့မည်။

New Myanmar News 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...