Tuesday, September 3, 2013

လာမည့် လေးလအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းရန် အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြင်ဆင်

8.1.1
ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီနှင့် အာဏာရ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော် ကိုယ်စားလှယ်များအား လွှတ်တော်၌ တွေ့ရစဉ်
လာမည့် လေးလအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းရန် အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
လွှတ်တော်တွင် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု အစီအရင်ခံစာကို လာမည့် လေးလအတွင်း (၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ) ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်ဖြစ်ရာ အဆိုပါ ကော်မတီတွင် ပါဝင်သည့် အာဏာရ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များ ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ''ကျွန်တော်တို့ ပါတီရဲ့ မူဝါဒက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမယ်ဆိုတာ ရှိပြီးသား ဖြစ်ပါတယ်။ ဒီကိစ္စကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ မတိုင်ခင်ကတည်းက ဒီအတိုင်း ပြောပြီးသားပဲ။ ဒီအတွက် ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ လေ့လာပြီးသား ဖြစ်တယ်။ ပါတီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ပြင်ဆင်လိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ကော်မတီကို တင်ပြဖို့ အဆင်သင့်ရှိတယ်။ အားလုံးပြင်ဆင် ထားပါတယ်။ သို့သော် ယခုအချိန်မှာ အခြားပါတီတွေကလည်း ထုတ်ပြန်တာ မရှိသေးတဲ့ အတွက် ထုတ်ဖော်ပြောဆိုဖို့ မရှိပါဘူး'' ဟု စက်တင် ဘာ ၂ ရက်တွင် ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လက်ရှိအချိန်တွင် လွှတ်တော်တွင်း၌ ကော်မတီ ဖွဲ့စည်းထားကြောင်း၊ အဆိုပါ ကော်မတီအနေဖြင့် မှန်မှန်ကန်ကန် သုံးသပ်မည် ဆိုပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါဝင်မည့် ပြင်ဆင်ရန် လိုအပ်သော အချက်များကို တွေ့ရှိလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မတီဝင်များ အနေဖြင့် မှန်မှန်ကန်ကန် သတ္တိရှိရှိဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပြင်ဆင်ရန် ခက်ခဲပြီး ပြင်ဆင်၍ မရရန် ပြုလုပ်ထားခြင်း ဖြစ်သောကြောင့်လည်း ပြင်ဆင်ရန် ခက်ခဲနိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူများ နားလည်စေရန် ပြည်သူများကို အသိပညာပေးမှု များလည်း ပြုလုပ်သွားရန်ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သိရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''ပူးပေါင်းကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို နောက်လေးလအတွင်း တင်သွင်းရမယ်။ ကျွန်တော်တို့ ပူးပေါင်းကော်မတီ အဖွဲ့ဝင်တွေထဲမှာ ပါတီပေါင်းစုံက ကိုယ်စားလှယ်တွေပါတယ်။ အဲဒီပါတီတွေကလည်း ပါတီအလိုက်ရော၊ တစ်ဦးချင်းစီ အလိုက်ရော ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး အားလုံးပြုစုနေကြပြီး တချို့လည်း အဆင်သင့် ဖြစ်နေပါပြီ။ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့လည်း သူ့အလျောက် သူရှိနေမှာ ဖြစ်ပါတယ်။ တချို့ဘယ်ပါတီဝင်မှ မဟုတ်ဘဲ တစ်ဦးချင်းအနေနဲ့ ပြင်ဆင်လိုတာ ရှိမယ်။ ဒါတွေလည်း လက်ခံရမှာပါ။ အခုလက်ရှိ လွှတ်တော်နားနေတဲ့ ကာလတွေမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်ကြဖို့ ရှိပါတယ်'' ဟု ပြောကြားသည်။
ဆက်လက်၍ ဦးအေးမောက်က ''နောက်လုပ်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာ သုံးသပ်ရေးဆိုင်ရာ အစည်းအဝေးတွေမှာ ပါတီအလိုက် အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တစ်ဦးချင်း ဆွေးနွေးတာတွေ ရှိမှာပါ။ အကုန်လုံးညှိပြီးမှ ပြည်ထောင်စု လွှတ်တော်ကိုတင်မှာပါ။ ကျစ်ကျစ်လျစ်လျစ်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်အချက်တွေ ပြင်ဆင်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ပါမှာပါ'' ဟု ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတွင် ပါတီပေါင်းစုံ ပါဝင်သဖြင့် မျှတသော အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းနိုင်မည်ဟု ထင်မြင်မိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
Eleven

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...