Sunday, October 6, 2013

"ကုန်းဘောင်ရှာပုံတော်"- အပိုင်း (၁)


 
ကုန်းဘောင်ဟူသည်
~~~~~~~~~~~~

* သက္ကရာဇ် (၁၁၁၅) ခုနှစ်တွင် ဦးအောင်ဇေယျသည် မင်းချစ်ညိုနှင့် မွန်းများကို သုတ်သင်ရှင်းလင်းပြီး၍ ချင်းတွင်းနှင့် ဧရာဝတီအကြား၌ ရှိသော တမ္ပဒီပ နယ်မြေအားလုံးကို ပိုင်ဆိုင်ခဲ့လေပြီ။ ထိုအခါ မြို့သစ်တည်ထောင်ရန် ညီတော်၊ သားတော်၊ မှူးမတ် စသည်တို့ကို ခေါ်ယူစိုင်းပြင်းလေသည်။

အောင် ။ ။ ယခု ငါတို့ မုဆိုးဘိုကား ထီးဆောင်းနန်းနေရာ ရာဇဌာနီ မင်းနေပြည် အဖြစ်တွင် အပါအဝင်ဖြစ်နေပေပြီ။ လက်ရှိအခြေ၌ မုဆိုးဘိုသည် အလွယ်တကူ သစ်တိုင်ထူ၍ ဆောက်လုပ်အပ်သော သစ်တပ်မျှသာ ဖြစ်နေသည်။ အခြားတစ်ပါးသော ထီးဆောင်းမင်းအပေါင်းတို့ စေလွှတ်သော သံတမန်ကြီးတို့ အရောအပေါက် ရှိလာသော်မှလည်း မင်းမြတ်ချင်းအတူတူ ပျူငှာသော လောကဝတ် မကျေပွန်နိုင်ရာချေ။ မြို့တော်သစ်ကို "ရတနာ သိင်္ဃ" ဟု သမုတ်လိုသည်။

သုခမိန် ။ ။ "သိင်္ဃ" ဟူသော မဂဓ ဘာသာစကားသည် "လျင်သော" အနက်ကို ဟောသဖြင့် ထိုမင်း၏ စည်းစိမ်သည် "ရှည်မရှိ"ပါ ဘုရား။

အောင် ။ ။ အသို့သော အမည်ကို သမုတ်မှ စည်းစိမ်တော် ရှည်မည်နည်း။

သုခမိန် ။ ။ "ကုန်းဘောင်" ဟု သမုတ်သော် ဘုန်းတော်ကြီး၍ သက်တော်ရှည်မည်။ သားတော်အစဉ် မြေးတော် အဆက် ဧကရာဇ်ချည်းဖြစ်မည် ဟူသော နိမိတ်ဩဘာ ရပါသည်ဘုရား။

အောင် ။ ။ အကြောင်း အသို့နည်း။

သုခမိန် ။ ။ အရှင့်ဘိုးတော်ဘီတော် အဆက်အနွယ်ကား အလောင်းတော် မဟာသမ္မတမင်းမှ စ၍ ရွှေလက်ထက်တော်တိုင် အာဒိစ္စဝံသ ခတ္တိယ နွယ်လာ သာကီဝင်မင်းတို့၏ အဆက်အနွယ်တော်ဖြစ်လေသည်။ ထိုမင်းဆက်ကို ဟံသာဝတီမင်းတို့ ဖျက်ပြန်လေသောကြောင့် သကျနန်းရိုး-သတိုး အနွယ်တော်ပြတ်လေသည်။ ယင်းသည်တွင် ဟံသာဝတီ မွန်မင်းတို့ကား ရေနှင့်တူလေသည်။ ထိုရေကို ဖြတ်သန်းလွှမ်းမိုး၍ အရှင့်ရွှေဘုန်းတော်ဖြင့် အထက်က သကျနန်းရိုး သတိုးအနွယ်တော်ကို ဆက်ပြန်လည်ဖြစ်၍ ဘဝရှင် မင်းတရားကား "ကုန်းဘောင်"နှင့် တူလေသည်။ အရှင့်သားတော်မြေးတော်တို့ကား နောင်သော် "ကုန်းဘောင်မင်းဆက်"ဟု ဇမ္ဗူဒီပါ လက်ယာမြေပြင်တွင် နေအသွင် လအသွင် ထင်ရှားတော်မူမည် မလွဲပါဘုရား။

အောင် ။ ။ "ကုန်းဘောင်" ဟူသော သင်္ကေတ ပညတ်ဖြင့် မှတ်အပ်သော နိမိတ် ဩဘာကောင်းသည်မှတစ်ပါး အခြားသိအပ်သော အကြောင်းအထူး ရှိပါသေးသလော။

သုခမိန် ။ ။ "ကုန်းဘောင်" ဟူသော မြို့တော်ဘွဲ့မည် မှည့်ခေါ်ရသည်မှာ နံပေါ်ဓာတ်ရ အမည်တော်ပင် ဖြစ်ပါသည်။ "ကုန်း" ဟူသော အက္ခရာအလို တနင်္လာနံ ၂ ဂဏန်းကို ယူပါသည်။ "ဘောင်"အလို ကြာသပတေး ၅ ဂဏန်း ရပါသည်။

တနင်္လာဂြိုလ်သက် ....... = ၁၅
ကြာသပတေးဂြိုလ်သက် = ၁၉
သောကြာ ................... = ၂၁
နံ (၇) ပါးနှင့်စား ........... = ၇ | ၅၅ | ၇
. . . . . . . . . . . . . . . . . = ၄၉
မင်း၏မွေးနံ.................. = ၆

အကြွင်းကို ရှုသော် အရှင်ဘုရား၏ နံတော် သောကြာ ၆ ပေါ်၍ နံတော်
ဓာတ်ရကိန်းဖြင့် မှည့်အပ်သော အမည်ဖြစ်ပါသည်။ ထိုကိန်းဖြင့် အမှုမျိုးကို ဆောင်ပါသော် မင်းညီမင်းသာဖြစ်လျှင် ထီးနန်းရှင် ဖြစ်ပါမည်။ ရဟန်းဖြစ်လျှင် မင်းဆရာ ဖြစ်ပါမည်။ သူဆင်းရဲဖြစ်လျှင် ကြွယ်ဝမည် ဖြစ်ပါသည်ဘုရား..။

* ရတနာ သိင်္ခ *
~~~~~~~~~~
ရန်ကြီးအောင်
ကုန်းဘောင် သ ပါလို့
ငါးမည်ရ ပြည်ရွှေဘို
ဘေးရန်က ပြို။
မုဆိုးဘို
ရန်ဖြိုတဲ့ နာသိင်္ခရယ်
ဘိုးတော်ဒေသ။

အလောင်းမင်းတရား တည်ထောင်ခဲ့သော ပြည်ရွှေဘိုမှာ ၅ မည်ရခဲ့ရာ
(၁) ကုန်းဘောင်နေပြည်
(၂) ရန်ကြီးအောင်
(၃) ရတနာသိင်္ခ
(၄) မုဆိုးဘို
(၅) ရွှေဘို
ဟူ၍ ဖြစ်သည်။ အထက်ပါ ရွှေဘိုဗုံကြီးသံ၌ ပါသည့်အတိုင်းပင်။

"ရတနာသိင်္ခ" ဟူသော ဝေါဟာရမှာ အခြားသော အမည်များထက် အဓိပ္ပာယ်ကောက်ယူရန် ခက်ခဲသကဲ့သို့ ရှိခဲ့ပေသည်။

တစ်ချိန်က ဆရာတော် အရှင်ဝါယမသည် အလောင်းတော် ကဿပလိုဏ်ဂူတော်၌ တရားအားထုတ်နေစဉ် ထူးခြားသော တောထွက်အဘိုးအိုတစ်ဦးနှင့် ကြုံကြိုက်ရာ ................
................
ဆက်လက်ဖော်ပြပါဦးမည်။ အပိုင်း (၂) မျှော်

( ဘက်မလိုက်သော အမျိုးသားရေးဝါဒီ )

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...