Sunday, October 6, 2013

အီဂျစ်တွင် ပြင်းထန်သည့် အဓိကရုဏ်းများကြောင့် လူ ၄ ဦး သေဆုံး၊ ၄၅ ဦး ဒဏ်ရာရရှိ

Created on Saturday, 06 October 2013


ရာထူးဖြုတ်ချခံရသော အီဂျစ်သမ္မတ မော်စီထောက်ခံသူများက အောက်တိုဘာ ၄ ရက်တွင် မြို့တော် ကိုင်ရို၌ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် (Photo:AFP)

အီဂျစ်မြို့တော် ကိုင်ရိုတွင် အောက်တိုဘာ ၄ ရက်က အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီကို ထောက်ခံသော အစ္စလာမ်များသည် စစ်တပ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ ပြုလုပ်ရာမှ ပြင်းထန်သည့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး လူလေးဦး သေဆုံးခဲ့ရသည်။

ဇူလိုင် ၃ ရက်က မော်စီဖြုတ်ချခံရမှုအတွက် အစ္စလာမ် ထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြကြရာမှ တိုက်ခိုက်မှုများပါ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"ကိုင်ရိုမှာ လူလေးဦး သေဆုံးခဲ့ပါတယ်။ သေဆုံးတဲ့ အထဲမှာ လုံခြုံရေးတို့၊ ရဲတို့ မပါဘူး" ဟု အီဂျစ်အရေးပေါ် ဌာနမှ ဥက္ကဋ္ဌဖြစ်သူ ခါလစ်အယ်ခါတစ်က ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပေါ်ခဲ့သည့် အဓိကရုဏ်းများအတွင်း ဒဏ်ရာရရှိသူ ၄၅ ဦးရှိကြောင်း လူနာတင်ယာဉ် ၀န်ဆောင်မှုဥက္ကဋ္ဌ အာမက်အယ်အန်ဆာရီက အတည်ပြုခဲ့သည်။ ဆန္ဒပြပွဲများကို မော်စီ၏ မွတ်စလင် ဘရားသားဟုဒ် ပါတီမှ ဦးဆောင်သော အာဏာသိမ်းမှု ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့မှ စတင်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြသူများသည် အကြမ်းဖက်မှုများ မဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြရန် တာဝန်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် မာရီဟတ်က ၀ါရှင်တန်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ ဖြစ်ပေါ်ရန် အရေးကြီးကြောင်း၊ လွတ်လပ်စွာ လူထုစုဝေးခွင့်ကို လေးစားရမည်ဖြစ်ကာ အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန် ပြောကြားခဲ့သည်။

ကိုင်ရိုရှိ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ အဓိကရုဏ်းများသည် တဟီရာရင်ပြင်တွင် အဓိက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အစ္စလာမ္မစ် ထောက်ခံသူများသည် မော်စီ ဆန့်ကျင်သူများနှင့် လုံခြုံရေး တပ်များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရဲများသည် သေနတ်ကို မိုးပေါ်သို့ထောင်ကာ ငါးချက်ပစ်ခဲ့ပြီး ရင်ပြင်ထဲသို့ ဆန္ဒပြသူများ မ၀င်ရောက်စေရန် မျက်ရည်ယို ဓာတ်ငွေ့များ အသုံးပြုခဲ့ကြသည်။

အီဂျစ်နှင့် အစ္စရေးတို့ ၁၉၇၃ ခုနှစ်က စစ်ဖြစ်ပွားခဲ့သည့် နှစ်ပတ်လည်နေ့ဖြစ်သော အောက်တိုဘာ ၆ ရက်တွင် ဆန္ဒပြမှုများ ပိုမိုဖြစ်ပေါ် နိုင်သည်ဟုလည်း ခန့်မှန်းထားကြသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...