Sunday, October 6, 2013

အမေရိကန်ကို ဗီယက်နမ်မှ မောင်းထုတ်ခဲ့သော ဗိုလ်ချုပ်ကြီး ဗိုငုယင်ဇပ် ကွယ်လွန်

Created on Saturday, 06 October 2013


ဗီယက်နမ် ဗိုလ်ချုပ်ကြီး ဗိုငုယင်ဇပ်ထံ ဘရာဇီးလ် သမ္မတဟောင်း လူလာဒါဆေးလ်ဗား လာရောက်လည်ပတ်စဉ် ဟနွိုင်းမြို့ရှိ သူ၏နေအိမ်၌ ၂၀၀၈ ခုနှစ် ဇူလိုင် ၁၀ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AFP)

ဗီယက်နမ် လွတ်လပ်ရေး တိုက်ပွဲဝင် ဗိုလ်ချုပ်ကြီး ဗိုငုယင်ဇပ်သည် အသက် ၁၀၂ နှစ်အရွယ်၌ အောက်တိုဘာ ၄ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

သားသမီးလေးဦး၏ ဖခင်ဇပ်သည် ဟနွိုင်းရှိ စစ်ဆေးရုံ၌ ပြီးခဲ့သည့် သုံးနှစ်ကတည်းက တက်ရောက်ကုသ နေခြင်းဖြစ်ပြီး မိသားစုများ သိုက်သိုက်ဝန်းဝန်းရှိစဉ် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၈ မိနစ်တွင် ကွယ်လွန်ခဲ့သည်။ ဇပ်၏ရုပ်အလောင်းကို အထူးကြပ်မတ် ကုသဆောင်မှ ဆေးရုံရှိ ရင်ခွဲရုံသို့ ရွှေ့ပြောင်းပြီးဖြစ်ကြောင်း ဗီယက်နမ် မီဒီယာများတွင် ဖော်ပြခဲ့သည်။

"ဗိုလ်ချုပ်ကြီး ဗိုငုယင်ဇပ် ကွယ်လွန်သွားပါပြီ။ ကျွန်တော်တို့ကို ဂုဏ်သိက္ခာရှိတဲ့ ရန်သူလို့ ပြောခဲ့တဲ့ ထူးချွန်တဲ့ စစ်မဟာဗျူဟာမြောက် တွေးခေါ်တတ်သူပါ" ဟု ဗီယက်နမ်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသော ရေတပ်လေယာဉ်မှူး အမေရိကန် ရီပတ်ဘလစ်ကန်အမတ် ဂျွန်မက်ကိန်းက Twitter မှတစ်ဆင့် ပြောကြားခဲ့သည်။

ဇပ်သည် ဗီယက်နမ် လွတ်လပ်ရေးဖခင် ဟိုချီမင်းပြီးနောက် ဒုတိယမြောက် အထင်ကရ ဗိုလ်ချုပ်ကြီးဖြစ်ပြီး ဗီယက်နမ် ပြည်သူ့စစ်တပ်ကို တည်ထောင်သူ ဖခင်ဖြစ်ကာ ကိုလိုနီ နယ်ချဲ့များကို တိုက်ထုတ်သည့် ၎င်း၏ နည်းဗျူဟာများကြောင့် ကမ္ဘာတွင် ကျော်ကြားသည်။

ဗီယက်နမ်အတွက် သမိုင်းဝင် သူရဲကောင်း တစ်ဦးသာမက ကမ္ဘာ့စစ် သမိုင်းတွင် ယနေ့တိုင် ကျော်ကြားနေဆဲဖြစ်သော ဇပ်အား "ပြည်သူတွေရဲ့ သူရဲကောင်း ငြိမ်းချမ်းစွာ အိပ်စက်နိုင်စေသောဝ်။ သင်ဟာ ကျွန်ုပ်တို့ရဲ့ အကြီးမြတ်ဆုံး ဗိုလ်ချုပ်ကြီးအဖြစ် အမြဲတမ်း ရှိနေမှာပါ" ဟု အစရှိသော စာသားများဖြင့် ချီးကျူးဂုဏ်ပြုမှုကို ဗီယက်နမ် အင်တာနက် အသုံးပြုသူများက အွန်လိုင်းတွင် စတင်နေပြီဖြစ်သည်။ ဇပ်အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်နေ့ တစ်နေ့ကိုလည်း တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဇပ်ကို ၁၉၁၁ ခုနှစ် သြဂုတ် ၂၅ ရက်တွင် လယ်သမား မိသားစုတစ်စု၌ မွေးဖွားခဲ့ပြီး စစ်ပညာကို ကိုယ်တိုင်သင်ယူ တတ်မြောက်ခဲ့သူ ဖြစ်သည်။ ၁၉၅၄ ခုနှစ် ဒိန်ဘင်ဖူး ခံတပ်တိုက်ပွဲတွင် ပြင်သစ်နယ်ချဲ့ တပ်များကို အနိုင်ယူ တိုက်ခိုက်ခဲ့ကာ အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင် ပြင်သစ်အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့ပြီးနောက် ဗီယက်နမ်တွင် အမေရိကန်၏ ဆယ်စုနှစ်နှစ်ခု နီးပါးကြာ နယ်ချဲ့လွှမ်းမိုးမှု အခြေအနေကို ဆိုက်ရောက်စေခဲ့သည်။ ယင်းနောက် ဗီယက်နမ်ရှိ အမေရိကန် တပ်ဖွဲ့များကို ၁၉၇၅ ခုနှစ် ဧပြီလကုန်တွင် အပြီးသတ် တိုက်ထုတ်နိုင်မှုကြောင့် ပြင်သစ်၌သာမက ကမ္ဘာတစ်ဝန်း ချီးကျူးခံခဲ့ရသည်။

ဇပ်သည် ၎င်း၏ ထိုးစစ်များကြောင့် စစ်ပွဲအောင်မြင်မှုများ ရရှိခဲ့သော်လည်း ပြည်တွင်း၌မူ အင်အားကြီး ရန်သူအချို့နှင့် ရင်ဆိုင်ခဲ့ရပြီး ၁၉၈၀ ပြည့်နှစ်တွင် ကာကွယ်ရေး ၀န်ကြီးရာထူးကို လက်လွှတ်ခဲ့ရသည်။

၁၉၈၂ ခုနှစ်တွင် ပေါ်လစ်ဗျူရိုမှ ထုတ်ပယ်ခံရပြီး ၁၉၉၁ ခုနှစ်တွင် နိုင်ငံရေးလောကမှ တရားဝင် ထွက်ခွာခဲ့ရသည်။ သို့သော် ဇပ်သည် အကျင့်ပျက် ခြစားမှုနှင့် ဘောက်ဆိုက်သတ္တု တူးဖော်ရေး အစရှိသော ဗီယက်နမ်ပြည်တွင်း အရေးပါသော အကြောင်းအရာများနှင့် လူငယ်များအကြား ၎င်း၏ရေပန်းစားမှုများ အကြောင်းကို ကျန်းမာရေးကောင်းသည့် အသက် ၉၀ ကျော်သည်အထိ ပြောကြားခဲ့ကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...