Sunday, October 6, 2013

မျိုးချစ်စိတ် (Patriotism)

ကမ္ဘာပေါ်တွင် အမေရိကဖြစ်စေ၊ တရုတ်ဖြစ်စေ၊ ရုရှားဖြစ်စေ နိုင်ငံ့ခေါင်းဆောင် အားလုံးသည် မိမိနိုင်ငံ၊ မိမိလူမျိုးကို ကမ္ဘာနှင့် ရင်ပေါင်တန်းစေနိုင်သော နိုင်ငံများအဖြစ် တည်ဆောက် နေကြသည်မှာ အနည်းနှင့်အများ တူညီသည်ကို တွေ့မြင်နိုင်သည်။

တစ်နည်းအားဖြင့် မျိုးချစ်စိတ် (Patriotism) ဟူသည် ဝါးလုံးခေါင်းထဲတွင် လသာနေကာ ရှေးရိုးစွဲ အယူအဆများ သက်သက်ဖြင့် လုံးဝမလုံလောက်တော့ဘဲ မိမိနိုင်ငံ မိမိလူမျိုးကို အမှန်တကယ် ဖွံ့ဖြိုး တိုးတက်စေလိုသော စိတ်သည်ပင် မျိုးချစ်စိတ်ဟု ပြောနိုင်သလို အဘက်ဘက်တွင် နောက်ကျ ကျန်ရစ်ခဲ့ရသော အမိ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည် နာလန်ထူနိုင်စေရန် အတွက် မိမိနိုင်ငံထက် ကျော်လွန်သွားသော နိုင်ငံများကို အမီလိုက်မည်ဟူသော ‘မခံချင်သော စိတ်ဆန္ဒ’ သည်လည်း မျိုးချစ်စိတ်၏ အခြေခံပင် ဖြစ်ပေလိမ့်မည်။

ခေါင်းဆောင်ကောင်း တို့နောက်တွင် နောက်လိုက်ကောင်းတို့ ထောင်သောင်းသိန်းသန်းမက ရှိတတ်ပေရာ ဥပမာပြရလျှင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာလူမျိုးတစ်ဦး ဖြစ်သော်ငြားလည်း ကျန်ရှိသော တိုင်းရင်းသား ညီအစ်ကိုများ အားလုံးကလည်း ဗိုလ်ချုပ်အောင်ဆန်း၏ ‘မွန်မြတ်သော စေတနာ၊ ပြင်းထန်သောဆန္ဒနှင့် စူးစိုက်သော ဝီရိယ’ တို့အပေါ်တွင် လေးစားသောကြောင့် အမိမြန်မာ နိုင်ငံတော်ကြီးသည် အခြားသော နိုင်ငံများထက်ပင် စော၍ လွတ်လပ်ရေးကို ရယူနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
အဓိပ္ပာယ်မှာ ယနေ့မြန်မာနိုင်ငံတော်ကြီးကိုလည်း မိမိနိုင်ငံထက် ကျော်လွှားကာ တိုးတက်သွားသော အိမ်နီးချင်း နိုင်ငံများကို မရမက အမီလိုက်မည်ဟူသော ပြင်းပြသောဆန္ဒ၊ ပြင်းပြသော ဝီရိယ၊ ပြင်းပြသော အသိဉာဏ်ပညာတို့ဖြင့် မခံချင်သောစိတ်ကို အခြေခံကာ ဖော်ဆောင်သွားမည့် မျိုးချစ်စိတ်ရှိသူများ လိုအပ်လာပေလိမ့်မည်။
တစ်နည်းအားဖြင့် ယနေ့မြန်မာနိုင်ငံတော်ကြီးသည် ဒီမိုကရေစီစနစ်သို့ ဦးတည်သွားမည်ဟု အတိအလင်း ပြောခဲ့သလို ယင်းကဲ့သို့ တစ်ပြေးညီ ယှဉ်ပြိုင်နိုင်သော နိုင်ငံရေး အခင်းအကျင်းများမှ ယနေ့ အမိမြန်မာနိုင်ငံတော်ကြီးကို ပြောင်းလဲပေးနိုင်မည့် စင်ကာပူနိုင်ငံမှ လီကွမ်ယူ၊ တရုတ်နိုင်ငံမှ တိန့်ရှောင်ဖိန် အစရှိသော ခေါင်းဆောင်များ ပေါ်ထွက်လာနိုင်ပေသည်။
အင်အားချည့်နဲ့လျှင် မတည်မငြိမ် ဖြစ်မည်ဟုဆိုလျှင် မတည်မငြိမ် မဖြစ်စေရန်အတွက် အဘက်ဘက်တွင် အင်အားတောင့်တင်း ကျစ်လျစ် ခိုင်မာနေစေရန် အမြဲမပြတ် စုပေါင်း တည်ဆောက်ရမည် ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို အသေးစိတ် သရုပ်ခွဲ လေ့လာကြည့်လျှင် မိမိနိုင်ငံ၏ အခြေခံ လိုအပ်ချက်များကို တစ်စိုက်မတ်မတ် အားဖြည့်ပေးရန် လိုအပ်သလို မိမိနိုင်ငံကို ခုတုံးလုပ်ကာ ဘက်စုံမဟာဗျူဟာထဲတွင် ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်နေသော နိုင်ငံများကိုလည်း ရိပ်စားမိရန် လိုအပ်ပေလိမ့်မည်။
နိုင်ငံအရွယ်အစား သေးငယ်သော်လည်း အထွေထွေအင်အား ကျစ်ကျစ်လျစ်လျစ်ဖြင့် စုစည်းထားနိုင်သော ကမ္ဘာ့နိုင်ငံအချို့ကို လေ့လာကြည့်လျှင် ယင်းနိုင်ငံတို့သည် သဘာဝ သယံဇာတများထက် လူသယံဇာတများဖြင့် ယင်းအင်အားကို တည်ဆောက်ထားခြင်းကို တွေ့မြင်နိုင်သလို တရားမျှတသော ယှဉ်ပြိုင်မှုမှ ပေါ်ထွက်လာသော ခေါင်းဆောင်ကောင်းများ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံသားများ သည်လည်း နောက်လိုက်ကောင်းများအဖြစ် တစ်တပ်တစ်အား ရှိကြသည်ကိုလည်း တွေ့မြင်နိုင်သည်။

ယနေ့ မြန်မာနိုင်ငံတွင်ပင်လျှင် ယခင့်ယခင်က မရှိခဲ့ဖူးသည့် မျှော်လင့်ချက်ပေါင်းများစွာ ရှိလာခြင်း (တစ်နည်း ပိုမိုသာယာဝပြောသော နိုင်ငံတော်ကြီး ပေါ်ထွက်လာတော့မည်ဟူသော အတွေးများ၊  မျှော်လင့်ချက် များ) က ပင်လျှင် အရေးကြီးသော ကာလတစ်ခုကို ကျော်ဖြတ်နေခြင်း ပင် ဖြစ်သည်။
အတိတ်က မည်သို့ပင် ဖြစ်စေခဲ့ကာမူ ပစ္စုပ္ပန်နှင့် အနာဂတ်ကို အကောင်းဆုံး လုပ်ဆောင်သွားကြမည် ဟူသော မျိုးချစ်စိတ်ရှိသော ပုဂ္ဂိုလ်များ (မိမိဆွေမျိုး အသိုင်းအဝိုင်း ကောင်းစားရေးသာ ပဓာနဟူသော အတွေးအခေါ်ရှိသူများထက် မိမိတို့ တစ်မျိုးသားလုံး အတွက် တိုးတက်စေလိုသော စိတ်ဖြင့် ကြိုးပမ်းနေကြသော ခေါင်းဆောင်များ) ၏ ခေါင်းဆောင်မှုရှိ သိန်းသန်းများစွာသော နောက် လိုက်ကောင်းများသည် လွန်စွာ အရေးကြီးလာ ပေလိမ့်မည်။
  ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)
Voice

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...