Sunday, October 6, 2013

သံတွဲ ပဋိပက္ခဖြစ်စဉ်တွင် သံသယရှိသူနှစ်ဦး အာမခံရရှိပြီး မီးရှို့ဖျက်ဆီးမှုနှင့် လူသတ်မှု ကျူးလွန်သူဟု ဖမ်ဆီးစစ်ဆေးနေသည့် သံသယရှိသူများအား လုံခြုံရေးအရ သံတွဲထောင်တွင် ထားရှိ

 Created on Sunday, 06 October 2013


သံတွဲမြို့တွင်း လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များအား အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)

သံတွဲပဋိပက္ခများ စတင်ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကို အာမခံ ပေးထားပြီး မီးရှို့ဖျက်ဆီးမှုနှင့် လူသတ်မှု ကျူးလွန်သည်ဟု သံသယရှိသူများကို လုံခြုံရေးအရ သံတွဲ အကျဉ်းထောင်တွင် ထိန်းသိမ်း ထားကြောင်း သိရသည်။

စက်တင်ဘာ ၂၉ရက် ညပိုင်းက စတင်ပြီး အောက်တိုဘာ ၁ရက် အထိ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည် ပဋိပက္ခဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ပါဝင် ပတ်သက်သည်ဟု သံသယရှိသူ အမျိုးသား ၄၂ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၄၄ ဦးတို့အား သံတွဲမြို့ ရဲစခန်းမှ ထိန်းသိမ်း စစ်ဆေး မေးမြန်းလျှက်ရှိကြောင်း ပြည်နယ်အစိုးရထံမှ သိရှိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးထားသူများမှာ ပဋိပက္ခဖြစ်စဉ်အတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ လူသတ်မှုနှင့် အခြား ဆက်စပ်အမှုများဖြင့် စစ်ဆေးခံရသူများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီး စစ်ဆေးခံရသူများထဲတွင် ကမန်တိုင်းရင်းသား နှစ်ဦးနှင့် ရခိုင်တိုင်းရင်းသား ၃၇ဦး ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး ကျော်တင့် ထံမှ သိရသည်။

အောက်တိုဘာ ၄ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် သံတွဲပဋိပက္ခကြောင့် လူနေ အဆောက်အဦး ၁၁၄လုံး၊ ဘာသာရေး အအောက်အဦး သုံးလုံး၊ ဓာတ်ဆီ ဂိုထောင်တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး၊ လူဦးရေ ၄၈၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ ငါးဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ပဋိပက္ခဖြစ်ပွား ဒေသသို့ လုံခြုံရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျှက် ရှိပြီး၊သံတွဲမြို့ အခြေအနေမှာ တည်ငြိမ်စ ပြုလာပြီဖြစ်ကြောင်း သိရှိရသည်။

ပဋိပက္ခဖြစ်စဉ်နှင့် ဆက်နွယ်သော မသင်္ကာသူများကို ဖမ်းဆီးစစ်ဆေးခဲ့မှုနှင့် ပတ်သက်ပြီး''ဖမ်းဆီး ထားသူတွေထဲက ၁၄ ယောက်က မြို့ပေါ်ကပါ။ ရွှေလှေအပိုင် ကျေးရွာတွေက ၂၅ ယောက်ဖြစ်ပါတယ်''ဟု သံတွဲခရိုင် ရဲတပ်ဖွဲ့မှုက ပြောကြားခဲ့သည်။

သံတွဲ ပဋိပက္ခဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သည့် ကမန်လူမျိုးနေထိုင်သော နေအိမ်ကိုခဲများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ခဲ့သည့် ကျူးလွန်သူနှစ်ဦးကို အာမခံ ပေးထားကြောင်း သိရသည်။ ''ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးထားတဲ့ သူတွေကို လုံခြုံရေးအရ သံတွဲ အကျဉ်းထောင်မှာထားပြီး စစ်ဆေးနေတယ်။ ဖြစ်စဉ်အစမှာ ကမန်လူမျိုး နေထိုင်တဲ့ အိမ်ကို ခဲနဲ့ ၀ိုင်းပေါက်ခဲ့တဲ့ ရခိုင်လူမျိုးနှစ်ဦးကိုတော့ အာမခံပေးထားပါတယ်''ဟု သံတွဲမြို့နယ် တရားရုံးတွင် တာဝန်ကျသည့် ရဲအုပ်တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်သည် စက်တင်ဘာ ၂၉ ရက်တွင် စတင်ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ပြန်လည် ငြိမ်သက်ခဲ့ကြောင်း သိရသည်။





EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...