Sunday, October 6, 2013

လာမယ့်နှစ်နွေရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ၁၅၈ မဂ္ဂါဝပ် လိုအပ်မှုရှိနေခြင်း




Sunday 6th October 2013


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အား တွက်ချက်မှုများအရ လာမယ့် ၂၀၁၄ ခုနှစ် နွေရာသီကာလအတွင်းမှာ လျှပ်စစ်ဓာတ်အား

၁၅၈ မဂ္ဂါဝပ်အထိ ထပ်မံလိုအပ်လျက်ရှိတယ်လို့ အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ လျှပ်စစ်ဓာတ်အားများကို လာမယ့် နွေရာသီကာလအတွင်းမှာ ရေအားလျှပ်စစ်နဲ့ ကျောက်မီး သွေးသုံးဓာတ်အားပေးစက်ရုံများမှ ၁၄၄၇ မဂ္ဂါဝပ်သာ ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများမှ ၇၆၅ မဂ္ဂါဝပ်သာ ထုတ်ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ထပ်မံလိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အား ၁၅၈ မဂ္ဂါဝပ်ကိုဖြည့်ဆည်းပေးဖို့အတွက် စွမ်းအင်ဝန်ကြီး ဌာနမှ ရတနာနဲ့ ဇောတိကသဘာဝဓာတ်ငွေ့လုပ်ငန်းများမှ ကုဗပေသန်း ၈၀ အပြင် သဘာဝဓာတ်ငွေ့ ကုဗပေ ၂၂ သန်း ထပ်မံရရှိပါက လျှပ်စစ်ဓာတ်အား ပမာဏ ၆၀ မဂ္ဂါဝပ် ထပ်မံထုတ်လုပ်နိုင်ဖို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် မြင်းခြံဒေသအတွက် ရရှိမယ့်သဘာဝဓာတ်ငွေ့ကုဗပေသန်း ၂၀ ကို ကျောက်ဆည် Gas Control Station မှ ရယူနိုင်ပါက ကျောက်ဆည်မှာ နွေရာသီအမီ Gas Engine များ ငှားရမ်းတပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားပမာဏ ၁၀၀ မဂ္ဂါဝပ်ခန့်ထပ်မံရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နိုင်ပါက ၂၀၁၄ ခုနှစ်နွေရာသီမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားပမာဏ ၁၅၈ မဂ္ဂါဝပ်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တွက်ချက်မှုများအရ နှစ်စဉ်ဓာတ်အားတိုးတက်သုံးစွဲမှုအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ၂၃၇၀ မဂ္ဂါဝပ်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ၁၈၄၄ မဂ္ဂါဝပ်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ၃၁၃၄ မဂ္ဂါဝပ်အထက်တိုးတက်လိုအပ်နေမှာ ဖြစ်တယ်လို့ သိရပါတယ်။

Mrtv-4

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...