Sunday, October 6, 2013

တရုတ်တွင် အွန်လိုင်းလှုပ်ရှားမှုများကို စောင့်ကြည့်ရန် လူနှစ်သန်းကျော် ခန့်အပ်ထား


  Created on Saturday, 06 October 2013


တရုတ်နိုင်ငံ ထူထောင်ခြင်း (၆၄)နှစ်ပြည့် နေ့တွင် တီယန်မင်ရင်ပြင်သို့ သွားရောက်လည်ပတ်သူများကို အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (Photo:AFP)

အွန်လိုင်းလှုပ်ရှားမှုများကို စောင့်ကြည့်ရန် တရုတ်အစိုးရက လူနှစ်သန်းကျော်ကို အလုပ်ခန့်အပ်ထားကြောင်း နိုင်ငံပိုင် မီဒီယာ တစ်ခုတွင် ဖော်ပြခဲ့သည်။ ယင်းမှာ အစိုးရက အင်တာနက်ကို မည်သို့ထိန်းချုပ်ထားကြောင်း ရှားရှားပါးပါး ထုတ်ဖော်ပြသမှု တစ်ခုဖြစ်သည်။

အစိုးရက ခန့်အပ်ထားသော စောင့်ကြည့်သူများကို အင်တာနက် သဘောထား ထင်မြင်ချက် ဆန်းစစ်လေ့လာသူများဟု ခေါ်ဝေါ်ကာ ၎င်းတို့အား အစိုးရနှင့် ပုဂ္ဂလိကမှ လစာပေးထားခြင်း ဖြစ်သည်။ တရုတ်တွင် အင်တာနက် အသုံးပြုသူ သန်းပေါင်းများစွာသည် အစိုးရကို ဝေဖန်ရန် သို့မဟုတ် မကျေနပ်ချက်များကို ထွက်ပေါက်ပေးရန် မိုက်ခရို ဘလော့များကို ပိုမိုအသုံးပြုလာကြသည်။ ၂၀၁၀ ပြည့်နှစ်တွင် စတင်လွှင့်တင်ခဲ့သော Sina Weibo မှာ ရေပန်းအစားဆုံး တရုတ်မိုက်ခရို ဘလော့ဖြစ်ပြီး အသုံးပြုသူ သန်း ၅၀၀ ကျော်ရှိကာ နေ့စဉ် မက်ဆေ့အရေအတွက် သန်း ၁၀၀ ကျော် ၀င်ရောက်ရေးသားကြသည်။

ယင်းစောင့်ကြည့်သူများသည် လူမှုကွန်ရက် မီဒီယာများကို ပိုမိုပစ်မှတ်ထားသည်ဟု မကြာသေးမီက လေ့လာမှု တစ်ရပ်တွင် ဖော်ပြခဲ့သည်။ ၎င်းတို့သည် မိုက်ခရို ဘလော့ဆိုက်များမှ လူထုသဘောထား ထင်မြင်ချက်များကို စုဆောင်း၊ ဆန်းစစ်ကာ တာဝန်ရှိသူများထံ တင်ပြရသည်။ နိုင်ငံရေးအရ မမှန်ကန်ဟု ယူဆရသော အကြောင်းအရာများကို ပုံမှန်အားဖြင့် ဖျက်ပစ်လေ့ ရှိသည်။

စောင့်ကြည့်သူများ၏ ကွန်ပျူတာများတွင် အသုံးပြုသော ဆော့ဖ်ဝဲမှာ အဆင့်မြင့် ဆော့ဖ်ဝဲဖြစ်ပြီး ဆာဗာထောင်ပေါင်းများစွာဖြင့် ပံ့ပိုးထားသည်။ ၎င်းတို့သည် တရုတ်နိုင်ငံပြင်ပ ၀က်ဘ်ဆိုက်များကိုလည်း စောင့်ကြည့်ကြောင်း သိရသည်။

အင်တာနက် စောင့်ကြည့်မှုနှင့် ပတ်သက်၍ မည်သည့်အသေးစိတ် အချက်အလက်ကိုမျှ တရုတ်အစိုးရက ဖော်ပြခြင်း မရှိခဲ့ပေ။ အဆိုပါ စောင့်ကြည့်သူ နှစ်သန်းသည် အင်တာနက်ကို ထိန်းချုပ်ရန် အစိုးရက ဖွဲ့စည်းထားသော အဖွဲ့ကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်မည်ဟု ယူဆရကြောင်း သိရသည်။ စောင့်ကြည့်သူများအတွက် ပထမဆုံး အကြိမ်အဖြစ် အောက်တိုဘာ ၁၄ ရက်မှ ၁၈ ရက်အကြား သင်တန်းကို အစိုးရက စီစဉ်ပေးမည် ဖြစ်ကြောင်းနှင့် ယင်းသင်တန်းတွင် လက်ရှိစောင့်ကြည့် လေ့လာသူများအပြင် လူသစ်များ ပါဝင်ခြင်း ရှိ၊ မရှိကိုမူ ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပေ။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...