Sunday, October 6, 2013

မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကို အသစ်ပြန်လည်ရေးဆွဲမည်

 Created on Saturday, 05 October 2013


ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားနေစဉ် (ဓာတ်ပုံ-နီလာ)

မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ (၁၆/၁၉၉၀) အား အသစ်ပြန်လည် ရေးဆွဲသွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၅ရက်နေ့တွင် မြန်မာနိုင်ငံ ဘဏ်များအသင်း၌ ပြုလုပ်သော မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်လိုက်သည်။

''မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေက ၁၉၉၀ ကတည်းကဆိုတော့ တော်တော်ကြာခဲ့ပြီ။ နှစ်တွေ ကြာခဲ့တာက တစ်ကြောင်း နိုင်ငံရေးစနစ် စီးပွားရေးစနစ်တွေကလည်း ပြောင်းလာတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးစနစ်ကလည်း ပြောင်းလာတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေး စနစ်မှာလည်း ငွေကြေးတွေ ဆိုင်ရာမှာလည်း ပြောင်းလာတယ်။ ဒါကြောင့်မို့ ခေတ်နဲ့အညီ ပြင်ဆင်ဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် နောင်ဖြစ်လာနိုင်မယ့် ငွေကြေး ဈေးကွက်စီးပွားရေး ဈေးကွက်အခြေအနေတွေအရလည်း လိုက်လျောညီထွေ ဖြစ်လာအောင် ဥပဒေကို ပြင်ဆင်ရေးဆွဲသွားမှာ ဖြစ်ပါတယ်'' ဟု ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံတွင် ပြင်ဆင်ရမယ့် ဥပဒေ စုစုပေါင်း ၁၈ ခု ရှိနေကြောင်း၊ ယင်းတို့အနက် ဥပဒေငါးခုမှာ ပြင်ဆင်ပြီးသွားပြီဖြစ်ပြီး လေးခုမှာ UN နှင့် ပတ်သက် ဆက်နွှယ်နေသည့် ဥပဒေများ ဖြစ်ကြောင်း၊ ထို့ကြောင့် နောက်ထပ်ပြင်ရန် ဥပဒေ ၉ခု ရှိနေကြောင်း၊ ယင်းတို့အထဲတွင် အာမခံ ဥပဒေ၊ အာမခံလုပ်ပိုင်ခွင့် ဥပဒေ၊ ငွေချေးငှားသည့် ဥပဒေ၊ ငွေစုဘဏ်များ ဥပဒေ၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ဥပဒေ၊ Government Security Act ၊ ပင်စင် ဥပဒေစသည့် ဥပဒေများဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေနဲ့ ဘဏ်တွေနဲ့ ထိတွေ့တဲ့အနေနဲ့ ဒီနေ့အစည်းအဝေးကို ပြုလုပ်တာပါ။ ဒီအထဲမှာ အစိုးရ ဘဏ်တွေလည်း ပါတယ်။ ဗဟို ဘဏ်တွေလည်း ပါပါတယ်။ ပုဂ္ဂလိက ဘဏ်တွေလည်း ပါပါတယ်။ အခု ဗဟိုဘဏ် ဥပဒေပြုပြီးသွားပြီ ဖြစ်တဲ့အတွက် ဗဟိုဘဏ်က သီးခြားရပ်တည်သွားနိုင်ပါပြီ။ ဒါကြောင့် သီးခြားရပ်တည်မယ့် ဗဟိုဘဏ်အောက်မှာ ပုဂ္ဂလိက ဘဏ်တွေကလည်း မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေမှာ ပါဝင် ရပ်တည်ကြမှာပါ။ နိုင်ငံတကာ အဆင့်အတန်းမီ ဖြစ်စေဖို့အတွက် အခုလို ငွေရေးကြေးရေး အဖွဲ့အစည်းများဆိုင်ရာ ဥပဒေကို ပုဂ္ဂလိက ဘဏ်တွေ အားလုံးနဲ့ပေါင်းပြီး ဆွေးနွေး တိုင်ပင်သွားမှာပါ။ ပုဂ္ဂလိက ဘဏ်တွေရဲ့ သဘောထားအမြင်တွေ ဘဏ္ဍာရေး လုပ်ငန်းကျွမ်းကျင်သူတွေရဲ့ သဘောထားအမြင်ကိုပါ နားထောင်ဖို့အတွက် ဒီဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာပါ'' ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အဖွဲ့ဝင် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...