Sunday, October 6, 2013

လွတ်လပ်မှုနှင့် တရားမျှတမှုကို တောင်းဆိုသည့် ဆန္ဒပြမှုများ ဆူဒန်တွင် ပြုလုပ်


Created on Saturday, 06 October 2013


စက်တင်ဘာ ၂၇ ရက်က မြို့တော် ခါတွန်တွင် ဆန္ဒပြမှုအတွင်း သေဆုံးခဲ့သည့် ဆန်ဟိုရီက ရိုက်ကူးထားသည့် ဆန္ဒပြနေသည့် ဓာတ်ပုံကို ထုတ်ပြန်ပေးခဲ့စဉ် (Photo:AFP)

လွတ်လပ်မှုနှင့် တရားမျှတမှု တောင်းဆိုသည့် ဆန္ဒပြမှုများကို ဆူဒန်မြို့တော် ခါတွန်တွင် အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ် တပ်ဖွဲ့များ၊ စစ်တပ်နှင့် အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက စောင့်ကြည့်မှုများ ပြုလုပ်နေသော်လည်း အမျိုးသားနှင့် အမျိုးသမီး ရာပေါင်းများစွာ ပါဝင်သည့် ဆန္ဒပြသူများက မြို့တော်အတွင်း လှည့်လည်ဆန္ဒ ပြခဲ့ကြသည်။ မြို့တော်ရှိ နွမ်းပါးသော ရှမ်ဘတ်အရပ်မှ အိမ်များအကြား ညစ်ပတ်သည့် လမ်းများပေါ်တွင်လည်း လူရာပေါင်းများစွာ ဆန္ဒပြခဲ့ကြသည်။ ၎င်းတို့က မြို့လယ်ရှိ ဆန္ဒပြအုပ်စုကြီးနှင့် ပူးပေါင်းရန် ကြိုးပမ်းခဲ့သော်လည်း ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသည့် ယူနီဖောင်းဝတ် လုံခြုံရေး အရာရှိများက တားဆီးခဲ့ကြကြောင်း သိရသည်။ ပြည်သူများက လက်ရှိအစိုးရ ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြောင်း ဆန္ဒပြသူများက အော်ဟစ်ခဲ့ကြသည်။ လုံခြုံရေးဌာန အကျဉ်းထောင် အပြင်ဘက်တွင် လူရာပေါင်းများစွာက ဆန္ဒပြခဲ့ကြကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဖမ်းဆီးထားသူများကို လွှတ်ပေးရန် ပင်လယ်နီ အနီးရှိ ဆူဒန်ဆိပ်ကမ်းမြို့၏ ဒေသဆိုင်ရာ လုံခြုံရေးဌာန ရုံးချုပ်ရှေ့၌ လူ ၁၀၀ ခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီးနောက် ငြိမ်းချမ်းစွာ လူစုခွဲသွားကြောင်း သိရသည်။

အစိုးရက လောင်စာဆီ အရှုံးခံ စိုက်ထုတ်ရောင်းချသည့် အစီအစဉ်ကို ရပ်ဆိုင်းခဲ့ပြီးနောက် စက်တင်ဘာ ၂၃ ရက်မှ စတင်၍ ရေနံနှင့် ဒီဇယ်ဆီဈေးနှုန်း မြင့်တက်ခဲ့ရာ နိုင်ငံတစ်ဝန်း လူထောင်ပေါင်းများစွာက သမ္မတ အိုမာအယ်လ်ဘာရှား၏ ၂၄ နှစ်ကြာ အုပ်ချုပ်မှုအတွင်း အကြီးမားဆုံး ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ ထုတ်ပြန်ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆန္ဒပြသူ ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ အများစုသည် ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။

ဆူဒန် အခြေအနေ စောင့်ကြည့်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက တာဝန်ပေးထားသူ ပညာရှင် မတ်စ်ဟုဒ်အဒီဘာရိုဘာဒါရင်က ဆန္ဒပြသူများကို ဆူဒန်တပ်ဖွဲ့ များက အင်အားအလွန်အကျွံ သုံးနှိမ်နှင်းခဲ့ကြောင်း စွပ်စွဲချက်များအပေါ် အစိုးရသည် ဘက်လိုက်မှု မရှိဘဲ စုံစမ်းမှုများ အမြန်ဆုံး လုပ်ဆောင်ရန် အောက်တိုဘာ ၃ ရက်က တောင်းဆိုခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...