Sunday, October 6, 2013

မိကျောင်းကန် ကိစ္စကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်မှ တာဝန်ယူသည်ဟု ကတိပေးပြီးနောက် သပိတ်စခန်း ပြန်လည်ရုပ်သိမ်း

 Created on Sunday, 06 October 2013


သပိတ်စခန်းဖွင့်၍ ဆန္ဒပြနေသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းနေကြစဉ်

တပ်မြေအဖြစ် သိမ်းထားသော မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ တို့အား ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေသည့် ကိစ္စကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်မှ တာဝန်ယူသည်ဟု ကတိပေးပြီး နောက်ပိုင်းတွင် ယင်းသပိတ်စခန်းအား အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းတွင်း ပြန်လည်ရုပ်သိမ်းခဲ့သည်။

မိကျောင်းကန် သပိတ်စခန်းမှ တာဝန်ရှိသူများနှင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်မှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးခိုင်မောင်ရည်နှင့် ဦးအောင်သိန်းလင်းတို့သည် အောက်တိုဘာ ၅ ရက်၊ နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ဌာနရပ်ကွက်၊ အလုံလမ်းရှိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ရုံးတွင် တွေ့ဆုံညှိနှိုင်းခဲ့သည်။

ထို့သို့ တွေ့ဆုံညှိနှိုင်းရာတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က "အထောက်အထားတွေကို စုံနိုင်သမျှစုံအောင် လုပ်ပေးပါ။ အကုန်လုံး ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့က ရလာတဲ့ အထောက်အထားတွေကို စိစစ်ပါမယ်။ ကျွန်တော်တို့က လုပ်ရမယ့် အပိုင်းကို တာဝန်ကျေအောင် လုပ်သွားမယ်။ သူတို့ဘက်က ဒီနစ်နာမှုကို တစ်နည်းနည်းနဲ့ မဖြေရှင်းသမျှ ကျွန်တော်တို့က ရပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ပိုင်ခွင့်နဲ့ ဆက်လုပ်မယ်။ တာဝန်ယူပါမယ်ဆိုတဲ့ ကိစ္စကို ကတိပေးတယ်။ အများရှေ့မှာ ပေးပါတယ်။ ဒါက ကော်မရှင် ကိုယ်စားပြောတာ ဖြစ်တယ်။ ကျွန်တော်တို့ဘက်က တာဝန်ယူရမယ့် အပိုင်းကို ရဲရဲကြီး တာဝန်ယူသလို ဆန္ဒပြတာကိုလည်း ရုပ်သိမ်းပေးဖို့ မေတ္တာရပ်ခံ လိုပါတယ်။ ရုပ်သိမ်းပေးပါလျက်နဲ့ သူတို့ဘက်က လုပ်မပေးဘူးဆိုရင် သူတို့နဲ့ ကျွန်တော်တို့နဲ့ ထိပ်တိုက်ဖြေရှင်းရမယ့်ကိစ္စ ဖြစ်တယ်" ဟု ပြောကြားသည်။

ထို့နောက် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခံထားသည့် မိကျောင်းအပိုင်း ၁၊ ၂၊ ၃ မြေများအား ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေသည့် မူလမြေပိုင်ရှင်များ၏ကိုယ်စား လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်မှ တာဝန်ယူ ဖြေရှင်းပေးမည်ဟု ကတိပေးပြီး နောက်ပိုင်းတွင် မိကျောင်းကန် သပိတ်စခန်းအား ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း တွေ့ဆုံညှိနှိုင်းရာတွင် တက်ရောက်လာသည့် မိကျောင်းကန် သပိတ်စခန်းမှ တာဝန်ရှိသူများက ပြန်လည်ပြောကြားခဲ့သည်။

"မြေသိမ်းဥပဒေနဲ့ မညီတဲ့ မိကျောင်းကန် မြေတွေကို ပြန်လည်ရရှိရေး၊ ပြန်လည်အပ်နှံရေးအတွက် သူတို့ ကတိပေးခဲ့တယ်။ အောင်မြင်တယ်လို့တော့ ပြောလို့မရသေးဘူး။ ကျွန်တော်တို့လက်ထဲ မြေတွေပြန်ရောက်မှ အောင်မြင်တယ်လို့ ပြောလို့ရမယ်။ အချိန်အတိုင်းအတာ တစ်ခုအရ ညှိနှိုင်းလို့ မအောင်မြင်ရင်တော့ ကျွန်တော်တို့ Campaign ကို ဆက်လုပ်သင့်ရင် လုပ်ရမှာပဲ" ဟု သပိတ်စခန်းဖွင့် တောင်းဆိုရာတွင် ပါဝင်ခဲ့သူ ဦးစိန်သန်းက ပြောကြားသည်။

ဆက်လက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က "သူတို့တာဝန်ကို ကျွန်တော်တို့ လက်ဆင့်ကမ်း ယူလိုက်ပြီ။ ဒီကိစ္စကို လွှတ်တော်မှာ အထူးကိစ္စရပ်အဖြစ် တင်ပြသွားမှာ ဖြစ်တယ်" ဟု ထပ်မံပြောကြားခဲ့သည်။ အဆိုပါ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေများ ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့် တောင်းဆိုမှုမှာ အောက်တိုဘာ ၂ ရက်၌ စတင်တောင်းဆိုခဲ့ကြပြီး ၅ ရက် နေ့လည်ပိုင်းတွင် ရုပ်သိမ်းသွားခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...