Sunday, October 6, 2013

စက်တင်ဘာလအတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော်တွင် သေဆုံးသူ ၂၅၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၆၀၀ နီးပါးရှိ

Created on Sunday, 06 October 2013


စက်တင်ဘာလ အတွင်းက ရန်ကုန်မြို့ ကမ်းနားလမ်းတွင် လူတစ်ဦးအား ယာဉ်ဖြင့်အတိုက်ခံရမှုကို တွေ့ရစဉ်

စက်တင်ဘာလအတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော်တွင် သေဆုံးသူ ၂၅၀ ကျော်ခဲ့ပြီး ဒဏ်ရာရရှိသူမှာ ၁၆၀၀ နီးပါး ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်မှာ နေပြည်တော် အပါအ၀င် တိုင်းနှင့်ပြည်နယ် ၁၄ ခု၏ စစ်ဆေးသတ်မှတ် ထားချက်များဖြစ်ပြီး ဆုံးရှုံးမှု တန်ဖိုးများကိုပါ ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ရန်ကုန်တိုင်း ဒေသကြီးမှာ ၂၅၇ မှု ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၄၇ ဦးထိ ရှိကာ ဒဏ်ရာရရှိသူ ၂၉၈ ဦးထိ အများဆုံး ဖြစ်ခဲ့သည်။

ယင်းနောက် မန္တလေးတွင် ယာဉ်တိုက်မှု ၁၅၁ မှုတွင် လူသေဆုံးမှု ၄၃ မှု၊ ဒဏ်ရာရရှိသူ ၂၁၂ ဦး ရှိခဲ့ပြီး ပဲခူးတိုင်းတွင် ၁၁၃ မှု ဖြစ်ခဲ့ကာ လူသေမှု ၂၆ ဦး၊ ဒဏ်ရာရရှိသူ ၁၈၅ ဦး ရှိခဲ့ကြောင်း သိရသည်။

ယာဉ်အစီးရေ နည်းပါးသော ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့မှာ ယာဉ်တိုက်မှုဖြစ်စဉ် အနည်းဆုံးတွင် တည်ရှိနေသည်။

ယာဉ်တိုက်မှုဖြစ်စဉ် အများဆုံးသို့ ရောက်ရှိနေသော ရန်ကုန်တိုင်းတွင် ယာဉ်နှင့်ပတ်သက်သော စည်းကမ်းချက် ထုတ်ပြန်မှုများ ပြုလုပ်နေသော်လည်း နေ့စဉ် ယာဉ်မောင်း ၅၀၀ ကျော်ကို စစ်ဆေးနေရဆဲဖြစ်ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရှစ်လတာ ကာလအတွင်း ယာဉ်တိုက်မှုပေါင်း ၉၀၅၈ မှု၊ သေဆုံးသူ ၂၄၁၇ ဒဏ်ရာရရှိသူ ၁၅၆၅၇ ထိရှိကြောင်း သိရသည်။

ပြည်တွင်း၌ ယာဉ်တိုက်မှုဖြစ်စဉ် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ၁၉၉၉မှု၊ ဖေဖော်ဝါရီလတွင် ၁၁၂၇ မှု၊ မတ်လတွင် ၁၁၈၆ မှု၊ ဧပြီတွင် ၁၃၂၁ မှု၊ မေလတွင် ၁၀၇ မှု၊ ဇွန်လတွင် ၁၀၈၈ မှု၊ ဇူလိုင်လတွင် ၁၀၈၀ မှု၊ သြဂုတ်လတွင် ၁၀၅၀ မှုတို့ ဖြစ်ပွားခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...